🏰🏠🏡🏰🏠🏡🏰🏠🏡🏰🏠
ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ်။
တစ်ခါတုန်းက ပင်လယ်ကမ်းစပ်မှာ ကလေးတစ်သိုက် ''သဲအိမ်'' ဆောက်တမ်း ကစားနေကြတယ်။
ရတဲ့ တုတ်ချောင်းလေးတွေ၊ သစ်သား အတိုအစလေးတွေကို ကောက်ပြီး သဲလေးတွေကို ပုံလိုက်ကြတယ်။ ပြီးတော့ ခြေထောက်ကလေးကို ထိုးထည့်ပြီး အပေါ်က လက်ဖမိုးလေးနဲ့ ဖိလိုက်တယ်။ ခြေထောက်ကလေးကို ပြန်ဆွဲထုတ်လိုက်တော့ ဂူကလေးတစ်လုံးနဲ့ တူသွားတယ်။
ကလေးတစ်ယောက်ကတော့ ပလတ်စတစ်ပုံးထဲမှာ သဲတွေကို အပြည့်ထည့်တယ်။ ဖိသိပ်ပြီးတော့ ပုံးကို မှောက်ချလိုက်တယ်။ ပလတ်စတစ်ပုံးပုံစံ သဲပုံးကလေးရလာတဲ့အခါ တုတ်ချောင်းကလေးနဲ့ တိုက်ပုံစံဖြစ်အောင် ဖော်လိုက်တယ်။
တချို့ကလေးတွေလည်း သူ့နည်းသူ့ဟန်နဲ့ သဲအိမ် ကလေးတွေ ဆောက်ကြတယ်။ အတွေးဉာဏ်ရှိတဲ့ ကလေးတချို့ဆိုရင် သူတို့ဆောက်ထားတဲ့ ''သဲအိမ်'' ကို သဲလေးတွေနဲ့ပဲ ခြံစည်းရိုးခတ်လိုက်ကြတယ်။ တချို့ ''သဲအိမ်'' လေးတွေဆိုရင် အရမ်းကို သပ်ရပ်တယ်။ လှတယ်။
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် သူ့ ''သဲအိမ်'' က ငါ့ ''သဲအိမ်'' လောက် မလှဘူး။ ငါ့ ''သဲအိမ်'' က မင်း ''သဲအိမ်'' ထက် ခိုင်တယ်၊ လှတယ်ဆိုပြီး ငြင်းကြတယ်။ စကားများကြတယ်။ ပါးစပ်ကလည်း စကားတွေပြောလိုက်၊ စိတ်ကူးထဲရှိတဲ့အတိုင်း သဲသောင်ပြင်ပေါ်မှာ အိမ်ကလေးတွေ ဆောက်လိုက်နဲ့ ပျော်စရာကြီးပါ။
သူတို့ရဲ့ မလှမ်းမကမ်းမှာ သဲသောင်ပြင်ပေါ် ပြေးလွှားဆော့ကစားနေတဲ့ ခွေးတစ်အုပ်လည်း ရှိနေသေးတယ်။ သူတို့က ကလေးတွေဆောက်ထားတဲ့ ''သဲအိမ်'' တွေကို ဖျက်စီးဖို့ အမြဲကြည့်နေကြတယ်။
ပင်လယ်ထဲမှာလည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့ ကမ်းကို ရိုက်ခတ်နေကြတယ်။
နေပူကျဲကျဲမှာ ပင်ပန်းရမှန်းမသိဘဲ ''သဲအိမ်'' ဆောက်နေလိုက်ကြတာ။
တချို့ကလေးတွေက ပင်လယ်ထဲ ရေဆင်းကူးလိုက်၊ ''သဲအိမ်'' ဆောက်လိုက်နဲ့ အပျော်ကြီး ပျော်နေကြတာပေါ့။
ပင်လယ်ဆိုတာ ညနေစောင်းရင် ''ဒီရေ'' တွေ တက်လာတတ်တယ်။
တက်လာတဲ့ ''ဒီရေ'' တွေအောက်မှာ ''သဲအိမ်'' ကလေးတွေ အချိန်တန်ရင် ပျက်စီးသွားမယ်ဆိုတာ ကလေးလေးတွေဆိုတော့ မတွေးမိကြဘူးပေါ့။ နောက်တစ်နေ့မနက်လည်းရောက်ရော သူတို့ဆောက်ခဲ့တဲ့ ''သဲအိမ်'' တွေအားလုံး သဲသောင်ပေါ်မှာ မရှိတော့ဘူး။ ''ဒီရေ'' လှိုင်းတွေနဲ့အတူ ပင်လယ်ထဲကို မျောပါသွားခဲ့ပြီလေ။
နောက်တစ်နေ့မှာလည်း ဒီပင်လယ်ဘေးက ဒီသောင်ပြင်ပေါ်မှာပဲ ကလေးတွေဟာ သဲအိမ်ကလေးတွေ ထပ်ပြီး ဆောက်နေကြဦးမှာပါ။ မနေ့က ''သဲအိမ်'' တွေကို မတွယ်တာတော့ဘူး။ နောက်ထပ် ''သဲအိမ်'' တစ်လုံးကို မနေ့ကထက်ကောင်းအောင် ထပ်ပြီး ဆောက်ကြလိမ့်ဦးမယ်။ ထပ်ပြီး ပြိုင်ဆိုင်ကြလိမ့်ဦးမယ်။
စာဖတ်သူများခင်ဗျာ. . .
ကျွန်တော်တို့ကလည်း ''သဲအိမ်'' ဆောက်နေကြသူတွေပါ။
တချို့ သဲအိမ်တွေက နန်းတော်ကြီး.....
တချို့ သဲအိမ်တွေက ရာဇပလ္လင်.....
တချို့ သဲအိမ်တွေက ရာထူး အာဏာ ဂုဏ်ပါဝါ.....
တချို့ သဲအိမ်တွေက ဘွဲ့ထူးဂုဏ်ထူး..
တချို့ သဲအိမ်တွေက .....
တချို့ သဲအိမ်တွေက .....
တချို့ သဲအိမ်တွေက .....
''သဲအိမ်'' ချင်း အလှပြိုင်လို့ မာန်ဝင့်နေကြသူတွေပါ။
ဒါပေမယ့် ကိုယ်တည်ဆောက်နေရတဲ့ဘဝကို ''သဲအိမ်'' လို့ မတွေးမိကြဘူး။
သူ့ ''သဲအိမ်'' နဲ့ ငါ့ ''သဲအိမ်'' နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတဲ့အခါလည်း ရှိရဲ့။ ဂုဏ်ယူမော်ကြွားမိတဲ့အခါလည်း ရှိရဲ့။ မာန်တက်မိတဲ့အခါလည်း ရှိရဲ့။
ပြီးတော့ ဒီ ''သဲအိမ်'' တွေကို ကိုယ်အမြဲပိုင်မယ်ထင်ပြီး အတ္တတွေ၊ လောဘတွေ၊ ဒေါသတွေနဲ့ နေပူလို့ ပူမှန်းမသိတဲ့ ပင်လယ်ပြင်ဘေးက ကလေးတွေလိုပေါ့။ အပျော်ကြီးပျော်နေကြတာ။
အချိန်တန်ရင် ပင်လယ်ပြင်ဘေးက သဲအိမ်ကလေးတွေ ''ဒီရေ'' အောက်ရောက်ကြသလို ကျွန်တော်တို့ ဆောက်နေတဲ့ ''ဘဝရဲ့သဲအိမ်'' တွေလည်း ပျက်စီးကြမှာပါ။
ဒါကို သတိမထားမိဘဲ ကိုယ့်ရဲ့ ဘဝသဲအိမ်ကို တွယ်တာကြတယ်။ ပြိုင်ဆိုင်ကြတယ်။ အနိုင်လိုချင်ကြတယ်။ ကိုယ့်ရဲ့ ဘဝသဲအိမ် ပျက်စီးသွားမှာကို ကြောက်ရွံ့ကြတယ်။ ကိုယ့်သဲအိမ်ကို ဘယ်သူများ လာပြီးဖျက်ဆီးမလဲလို့ အမြဲတွေးတောပြီး ပူပန်နေရတယ်။
ဒါပေမယ့် ပင်လယ်ပြင်ဘေးရဲ့ သဲသောင်ပြင်ပေါ်က ''သဲအိမ်'' ပျက်သွားတဲ့ ကလေးတစ်ယောက်က မငိုဘူး။ နောက်ထပ် ''သဲအိမ်'' တစ်လုံးကို ပျော်ပျော်ပါးပါးကြီး ထပ်ဆောက်နေဦးမှာ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ''ဘဝသဲအိမ်'' ပျက်သွားရင် ငိုကြွေးကြမယ်။ နောက်ထပ် ''ဘဝသဲအိမ်'' တစ်လုံး ထပ်ဆောက်ဖို့ ဇွဲမရှိကြဘူး။
ကလေးတွေဟာ သူတို့ ''သဲအိမ်'' ကို မတွယ်တာဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဝသဲအိမ် ကို တွယ်တာလွန်းတယ်။ ပြီးတော့ သူများ ''ဘဝသဲအိမ်'' ကို တန်ဖိုးမထားတတ်ကြဘူး။ နောက်ထပ် ''သဲအိမ်'' တစ်လုံးကို တည်ဆောက်နိုင်စွမ်း ကိုယ့်မှာရှိတာ သတိမပြုမိကြဘူး။သူများရဲ့ ''ဘဝသဲအိမ်'' ပျက်စီးသွားရင်လည်း အပျော်ကြီး ပျော်နေတတ်ကြတယ်။
ကျွန်တော်တို့အားလုံးဟာ ပင်လယ်ပြင်ဘေးက သံသောင်ပြင်ပေါ်မှာ ''သဲအိမ်'' ဆောက်တမ်း ဆော့ကစားနေကြတဲ့ ကလေးလေးတွေနဲ့ တူပါတယ်။
ဒါပေမယ့် မတူတာနှစ်ခု ရှိတယ်။
တစ်ခုကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ''ဘဝသဲအိမ်'' ကို အတ္တစိတ်တွေနဲ့ တွယ်တာလွန်းကြတယ်။ မာန်မာနတွေနဲ့ ပြိုင်ဆိုင်ချင်ကြတယ်။
နောက်တစ်ခုကတော့ နောက်ထပ် ''ဘဝသဲအိမ်'' တစ်လုံးတည်ဆောက်ဖို့ ဇွဲမရှိခြင်းပါပဲ။
ဘာပဲဖြစ်ဖြစ် ''ဒီရေ'' တွေ တက်လာတဲ့တစ်နေ့မှာ ''သဲအိမ်'' အားလုံး ပင်လယ်ထဲကို ရောက်သွားကြရမှာပါ။
တွေးဆကြည့်ကြရအောင်ဗျာ။
Credit:
Wednesday, August 12, 2020
သဲနဲ့ဆောက်သောအိမ်
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment