Tuesday, August 11, 2020

ဘီလုံးဌက်ရဲ့အလွယ်

🐦🐦🐦🐦🐦🐦🐦🐦🐦🐦

တစ်ခါက ဘီလုံးငှက်တစ်ကောင်ဟာ တောစပ်တစ်ခုက သစ်ပင်တစ်ခုမှာနေထိုင်ပါသတဲ့..။ ဘီလုံးငှက်ဟာ နေ့စဉ်နေ့တိုင်း အပင်ခြေရင်းကို ဆင်းပြီး တီကောင်၊ ပိုးကောင် စတာတွေကို ရှာဖွေစားသောက်ပါသတဲ့..။ တီကောင်တွေဟာ ဘီလုံးငှက်အတွက် အဓိက စားနပ်ရိက္ခာတွေပဲဖြစ်တယ်..။ ဒါပေမယ့်လည်း ဘီလုံးငှက်ဟာ သူ့ရဲ့ နေ့စဉ်လုပ်နေကျ အစာရှာဖွေခြင်းအလုပ်ကို ပုံမှန်မလုပ်ချင်ဘဲ ပျင်းရိနေပါသတဲ့..။ "တီကောင်တွေကို ငါရှာဖွေစရာမလိုဘဲ အလိုအလျောက် ငါ့ရှေ့ကိုရောက်လာရင်းကောင်းမှာပဲ" လို့ ဘီလုံးငှက်က တစ်ကိုယ်တည်းပြောဆိုခဲ့တယ်။
-
တစ်နေ့တော့ ဘီလုံးငှက်ဟာ အစာရှာဖွေစားသောက်ပြီးလို့ သစ်ပင်ထက်မှာနားနေခဲ့တယ်။ အဲဒီလို ဘီလုံးငှက် နားနေတုန်းအခိုက်မှာပဲ တောသားတစ်ယောက်ဟာ ရေပုံးတစ်ပုံးကို ဆွဲလို့ ဘီလုံးငှက်နားနေတဲ့ သစ်ပင်နားက ဖြတ်သွားပါသတဲ့..။ အဲဒီလို ရေပုံးကို ဆွဲပြီးဖြတ်သွားတဲ့ တောသားကိုမြင်တဲ့အခါ ဘီလုံးငှက်က ဒီလိုပြောတယ်
-
"ဗျို့ မိတ်ဆွေကြီး ရေပုံးကြီးဆွဲလို့ ဘယ်သွားမလို့တုန်းဗျ"
-
အဲဒီလို ဘီလုံးငှက်ရဲ့နှုတ်ခွန်းဆက်စကားကို ကြားတဲ့အခါ တောသားက
-
"အို..ဘီလုံးငှက်လေးပါလား..။ ငါ့ရေပုံးထဲမှာ တီကောင်တွေပါတယ်လေ။ မြို့က ဈေးထဲမှာ တီကောင်နဲ့ ငှက်မွှေးနဲ့ လဲလှယ်ပြီး ငှက်မွှေးကို အဝတ်အထည်၊ ခေါင်းအုံး၊ ကြက်မွှေး တွေလုပ်တဲ့နေရာမှာသုံးဖို့ မြို့ကိုသွားမလို့ပါ"
-
အဲဒီလို တောသားရဲ့ ပြန်ကြားစကားကို ကြားတဲ့အခါ ဘီလုံးငှက်က
-
"ဟာ.. ဒါဆိုအတော်ဘဲ.. ခင်ဗျားက ငှက်မွှေးလိုချင်တယ်.. ကျွန်တော်က တီကောင်လိုချင်တယ်.. ဒါအဆင်ပြေတာပဲ ခင်ဗျား မြို့ထဲအထိ မသွားနဲ့တော့ ကျွန်တော့်ကို ခင်ဗျားရဲ့တီကောင်တွေပေး။ ကျွန်တော်က ခင်ဗျားကို အမွှေးတွေနှုတ်ပေးလိုက်မယ်"
-
အဲဒီလိုနဲ့ တောသားနဲ့ ဘီလုံးငှက်ဟာ အပြန်အလှန်သဘောတူညီမှုရကြပြီး တောသားရဲ့တီကောင်ပုံးကို ဘီလုံးငှက်က ရခဲ့ပါသတဲ့..။ ဘီလုံးငှက်ကလည်း သူ့ခန္ဓာကိုယ်မှာပေါက်နေတဲ့ အမွှေးအတောင်တော်တော်များများကို နှုတ်ပြီး တောသားကို ပေးလိုက်ပါသတဲ့..။
-
"နောက်လည်း ငှက်မွှေးလိုချင်ရင်လာခဲ့နော်" လို့ ဘီလုံးငှက်က မှာကြားလိုက်သေးတယ်။
-
အဲဒီလိုနဲ့ နောက်နေ့တွေမှာလည်း တောသားဟာ ဘီလုံးငှက်ဆီရောက်လာပြီး တီကောင်နဲ့ ငှက်မွှေးအလဲအလှယ်လုပ်ခဲ့ပြန်တယ်။ အဲဒီလိုနဲ့ နေ့ရက်တော်တော်များများ ကုန်ဆုံးလာတဲ့အခါ ဘီလုံးငှက်မှာ အမွှေးအတောင်ရယ်လို့ တစ်စုံတစ်ရာမှ မကျန်တဲ့အဖြစ်ကို ရောက်လာပါသတဲ့..။ တောသားရောက်လာတဲ့အခါမှာလည်း "ခင်ဗျားက အမွှေးမှမရှိတော့တာ..ဒီတော့ ကျုပ်လည်း တီကောင်မပေးနိုင်ဘူး" ဆိုပြီးထွက်ခွာသွားပြန်သတဲ့..။
နောက်ဆုံးမှာတော့ ဘီလုံးငှက်ဟာ အမွှေးအတောင်မရှိတဲ့ ငှက်ဖြစ်လာပြန်သတဲ့.။ အဲဒီလို အမွှေးအတောင်မရှိတော့တဲ့အတွက်လည်း သူဟာ ပျံသန်းခြင်း၊ အစာရှာဖွေခြင်းတွေကို မပြုလုပ်နိုင်တော့ဘဲ ငတ်မွတ်လာပါသတဲ့..။ တဖြည်းဖြည်း ငတ်မွတ်အားနည်းလာခဲ့တဲ့နောက်မှာတော့ ဘီလုံးငှက်ဟာ အပင်အောက်ကို ပြုတ်ကျပြီး သေပွဲဝင်ခဲ့ရတော့တယ်..။
-
တကယ်တော့ ကျွန်တော်တို့ဟာလည်း ဘီလုံးငှက်ရဲ့ နေ့စဉ်အစာရှာဖွေခြင်းနဲ့တူတဲ့ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ငြီးငွေ့နေကြသူများပဲဖြစ်တယ်။ ဘဝရဲ့ ပင်ပန်းခြင်းမှာ လုံးချာလည်လိုက်လာရင်း ဘီလုံးငှက်ရဲ့ ကိုယ့်ရှေ့ကိုရောက်လာမယ့် ပွပေါက်ကို စောင့်မျှော်နေသလို ကျွန်တော်တို့တွေဟာလည်း မိမိရဲ့အားစိုက်ထုတ်ခြင်း တစ်စုံတစ်ရာမပါဝင်တဲ့ ပွပေါက်တွေ၊ အချောင်ကွက်တွေကို စောင့်မျှော်နေကြသူများပဲဖြစ်တယ်။ အဲဒီလို စောင့်မျှော်ရင်း ဘီလုံးငှက်ရဲ့ တီကောင်နဲ့ ငှက်မွှေးအလဲအလှယ်လုပ်သလို၊ ကျွန်တော်တို့တွေဟာလည်းပဲ မိမိရဲ့ ဘဝကို ပြောင်းလည်းသွားနိုင်တဲ့ မိမိပိုင်ငွေကြေးဥစ္စာတွေကို "ပွပေါက်" တစ်ခုအတွက် အလဲအထပ် လုပ်တတ်ကြတယ်လို့ဆိုတယ်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး စတဲ့ အလုံးပေါင်းမြောက်များစွာကို စိတ်ကူးဖဲရိုက်ရင်း မိမိရဲ့ နေ့စဉ် လူနေမှုဘဝအတွက် ငွေကြေးဥစ္စာတွေကိုပါ ရင်းနှီးလှဲလှယ်ကြပြန်တယ်။
-
အဲဒီလို အလဲအလှယ်လုပ်ကြတဲ့အခါ ဘီလုံးငှက်ရဲ့ အမွှေးအတောင်ဆုံးရှုံးပြီး အစာရှာဖွေ မစားနိုင်တော့သလို၊ ကျွန်တော်တို့တွေဟာလည်းပဲ မိမိရဲ့ အလိုလောဘနဲ့ အချောင်ရလိုမှုကြောင့်ပဲ ကိုယ်ပိုင်ဘဝနဲ့ စီးပွားဥစ္စာတွေ ဆုံးရှုံးရပြန်တယ်။ ဘီလုံးငှက်ဟာ ငတ်မွတ်ခေါင်းပါးပြီးသေဆုံးရသလို.. ကျွန်တော်တို့တွေဟာလည်း စီးပွားဥစ္စာ ပျက်စီးခြင်းကြောင့်ပဲ ဘဝတစ်ခုလုံး သေသွားရလိမ့်မယ်လို့ဆိုတယ်..။
-
Success is not easy and it is certainly not for the lazy.
-
အောင်မြင်ခြင်းဟာ မလွယ်ကူဘူး၊ ပျင်းရိသူတွေအတွက်လည်း အောင်မြင်မှုဖြစ်မလာဘူး
-
တကယ်တော့ ဘဝရဲ့ ငွေကြေးဥစ္စာပြည့်စုံခြင်းဟာ တစ်စုံတစ်ရာသော အားစိုက်ထုတ်မှုမရှိဘဲ အလိုအလျောက် ဖြစ်မလာဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ ကျွန်တော်တို့ဟာလည်း အဲဒီသဘောကို ဆင်ခြင်ပြီး မိမိရဲ့ ချွေးနဲ့ အရင်းအနှီးပြုအပ်သော ငွေကြေးဥစ္စာကိုသာ မက်မောသင့်လှတယ်။ "ငါ၏ ချွေးစက်နှင့် ရင်းသော ငွေကြေးကိုသာ မက်မော၏" ဆိုတဲ့ စကားကို နှလုံးသွင်းရင်း ကျေနပ်နှစ်သိမ့်စေသင့်လှတယ်.။ "ငွေမက်" တတ်ကြတဲ့ လူသားချင်းအတူတူ မိမိရဲ့ လုံ့လနဲ့ရင်းတဲ့ငွေကြေးကိုသာ မက်မောသင့်လှတယ်။
-
Credit:  မူရင်း


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...