Wednesday, August 12, 2020

အကျိုး နှင့် အကန်း

တစ်ခါတုန်းက နှစ်ခြမ်းကွဲနေတဲ့ ရွာတစ်ရွာရှိသတဲ့။ထားပါတော့  အရှေ့ခြမ်းနဲ့ အနောက်ခြမ်း။

ဘာပဲလုပ်လုပ် ညှိနှိုင်းမရဘဲ တစ်ဖက်နဲ့တစ်ဖက် မတူမတန်ဘူးထင်ပြီး အမြဲတမ်း ရန်စောင်နေကြပါသတဲ့။ ကိုယ့်မာနလေးနဲ့ကိုယ်ပေါ့လေ။ အဲ -- မာနသာကြီးကြတာ အရှေ့ခြမ်းက လူတွေကအကျိုးတွေချည်းဖြစ်ပြီး အနောက်ခြမ်းက လူတွေကျ
အကုန်လုံး အကန်းတွေချည်းပဲတဲ့ဗျ။

လူတွေကသာ အကျိုးအကန်းတွေရယ်။ရပ်ကျိုး ရွာကျိုး ပူးပေါင်းလုပ်ဆောင်ကြမယ်
ဆိုတော့ အရှေ့ခြမ်းကလူတွေက "သူတို့ကကျိုးနေတယ် ဆိုပေမယ့် မျက်စိမြင်သေးတဲ့အတွက် မျက်စိ ကန်းနေတဲ့သူတွေနဲ့ ပူးပေါင်းရမှာ ဂုဏ်ငယ်တယ်" လို့ ယူဆကြပြီး မပူးပေါင်းလိုကြဘူး တဲ့။

အဲ---အကန်းတွေကလည်း မခေဘူး။ သူတို့ မာနနဲ့ သူတို့။
" သူတို့က မျက်စိမမြင်ပေမယ့် ရှေ့ရောက်အောင် လျှောက်ဖို့ ခြေထောက်တော့ ရှိသေးတယ်၊
ဒါ့ကြောင့် လမ်းမလျှောက်နိုင်တဲ့သူတွေနဲ့ မပူးပေါင်းနိုင်ဘူး" တဲ့ဗျာ။
( ကန်းသာ ကန်းတယ် မာနကတော့ မလျှော့ဘူး။ )

အဲဗျာ---ဒီလိုနဲ့----အဲ့ဒီလိုနဲ့ပေါ့လေ။ အကျိုးနဲ့ အကန်းတွေဟာ တစ်ရွာတည်းမှာနေပြီး တစ်ဖက်နဲ့ တစ်ဖက် ရန်စောင်ကြရင်းနဲ့ နေထိုင်လာကြရာက တစ်နေ့မှာတော့ မထင်မှတ်ပါပဲ
ပညာရှိရသေ့ကြီးတစ်ပါး ရောက်လာခဲ့ပါသတဲ့။

အင်း ရောက်တယ်ဆိုလည်း ရောက်ပေါ့လေ။ရသေ့ကြီးလည်း ရွာရောက်ကတည်းက မတည့်တဲ့ နှစ်အုပ်စုကို ညှိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပေမယ့် အဆင်မပြေနိုင် ဖြစ်နေတယ်ပေါ့။ အဲ---တစ်နေ့မှာတော့ ရသေ့ကြီးဟာ အကြံကောင်းတစ်ခု ရသွားပြီး အကျိုးနဲ့ အကန်း
နှစ်ဖွဲ့လုံးကို ကျောင်းသင်္ခမ်းဆီ ခေါ်လိုက်သတဲ့။

ဟိုဘက် ဒီဘက်ပြိုင်ချင်နေတဲ့ နှစ်ဖွဲ့လုံးအတွက် ရသေ့ကြီး စဉ်းစားမိတာကတော့ အပြိုင်ခိုင်းဖို့ပါပဲ။ ပြိုင်ရမယ်ဆိုတော့ နှစ်ဖွဲ့လုံးလည်း စိတ်ဝင်စားနေ
ကြတယ်ပေါ့လေ။ နှစ်ဖက်လုံးက လူတွေလည်း စုံရော ရသေ့ကြီးက ပြိုင်ပွဲကို ပြောပြလိုက်တယ်။ ဘာပြိုင်ရမှာလဲဆိုတော့ အပြေးပြိုင်ရမှာ တဲ့။

အပြေးပြိုင်ရမယ်လည်းဆိုရော နှစ်ဖက်လုံးကလူတွေ
"ဟာခနဲ ဟင်ခနဲ"ပေါ့။ တစ်ဖက်က အကျိုးတွေ၊
တစ်ဖက်ကတော့ အကန်းတွေ။ ဘယ်လိုပြိုင်ကြမှာလဲ
ပေါ့လေ။ ( ဒီရသေ့နှယ် ကြံကြံဖန်ဖန် ခိုင်းရက်တယ် )။
ခက်တာက လူတွေကလည်း အကျိုးအကန်းတွေ
လို့သာ ပြောရတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ရမယ်
ဆိုတော့" ချကွာ ချကွာ"ပေါ့။
အင်းလေ--မပြိုင်ရဲဘူးဆိုရင်လည်း သိက္ခာက ကျမှာကိုး။

ဒီလိုနဲ့ ပြိုင်ပွဲနေ့ရောက်ရော ဆိုပါတော့။ ရသေ့ကြီးက နှစ်ဖက်လုံးကို လမ်းကြောင်းတွေ
ပန်းတိုင်တွေ ပြောပြထားပြီးသား။ ရသေ့ကြီး သတ်မှတ်ပေးထားတဲ့ တာထွက်မှတ်မှာ အကျိုးနဲ့ အကန်းတွေဟာ အဆင်သင့် ဖြစ်နေကြပြီ။

တာထွက်အချက်ပေးသံလည်း ကြားရော အကျိုးတွေရော အကန်းတွေပါ ပန်းတိုင်ရှိရာကို သူ့ထက် ငါသာအောင် ပြေးကြပါလေရော။ ပြဿနာက အဲ့ဒီမှာ စ,တာပဲ။

အကန်းတွေက ခြေထောက်က
ကာင်းတယ်ဆိုပြီး စွတ်စက်ပြေးကြပေမယ့် မျက်စိက မမြင်တော့ ဟိုတိုး ဒီတိုးနဲ့ လိုရာပန်းတိုင်ကို မရောက်နိုင်ဖြစ်နေတယ်။

အကျိုးတွေကြတော့ ပြဿနာတစ်မျိုး။ သူတို့ခမျာ လမ်းကို မြင်တော့ မြင်ရပါရဲ့။ခြေထောက်ကကျိုးနေတော့ တရွတ်ဆွဲနေရတာနဲ့ကိုရှေ့မရောက်နိုင်ဘူး ဖြစ်နေပြန်ရော။

တစ်ဖက်နဲ့တစ်ဖက် အနိုင်ရလိုဇောနဲ့ ပြိုင်လိုက်ကြတာ အကန်းတွေကလည်း သူတို့ စိတ်ထင်ရာ စွတ်ပြေး။
အကျိုးတွေကလည်း တရွတ်ဆွဲနဲ့ သတ်မှတ်ချိန်သာ
ပြည့်သွားတယ်။

ဘယ်ဘက်ကမှ ပန်းတိုင်ကို မရောက် လိုက်ဘူး တဲ့။ နှစ်ဖက်လုံး မောနေကြတော့ ရသေ့ကြီးက ခဏနားခိုင်းပြီး ဒီတစ်ခါ နှစ်ယောက်တစ်တွဲ ပေါင်းပြိုင်ရမယ်ဆိုပြီး အကျိုးတစ်ယောက်နဲ့ အကန်းတစ်ယောက်စီ တွဲပေးလိုက်ပါရော တဲ့။

ပြိုင်ပွဲပုံစံကတော့ အကန်းတွေက အကျိုးတွေကို
ကျောပိုးပြီး ပြေးရပါမယ် တဲ့။ အကျိုးတွေက
ကျောပေါ်ကနေ လမ်းညွှန်ပြရပါမယ် တဲ့။

အကျိုးနဲ့ အကန်းတွေဟာ အစပိုင်းမှာ
သဘောမတူကြပေမယ့် ရသေ့ကြီးရဲ့ စကားကိုလည်း
မလွန်ဆန်နိုင်ကြတော့ သဘောတူလိုက်ရတယ်ပေါ့လေ။
ဒါနဲ့ နှစ်ယောက်တစ်တွဲ ပြိုင်ပွဲစ,ပါလေရော။

ရသေ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
အကန်းတွေက အောက်ကပြေး၊ အကျိုးတွေက
အပေါ်က လမ်းညွှန်နဲ့ နှစ်ယောက်တစ်တွဲ ပေါင်းပြေး
လိုက်ကြတာ အကျိုးတွေရော အကန်းတွေပါ
ရသေ့ကြီး သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီကို
သတ်မှတ်ချိန်အတွင်းမှာ ရောက်အောင် ပြေးနိုင်
ခဲ့ကြပါသတဲ့။

အပြေးပြိုင်ပွဲလည်းပြီးရော အကျိုးတွေရော
အကန်းတွေပါ ရသေ့ကြီးရဲ့ အပြေးပြိုင်ခိုင်းတဲ့
စိတ်ကူးကို သဘောပေါက်သွားကြတယ်ပေါ့လေ။

နှစ်ဖက်လုံးဟာ "ငါတို့က ကန်းပေမယ့် မကျိုးဘူးကွ၊
ငါတို့က ကျိုးပေမယ့် မကန်းဘူးကွ" ဆိုတဲ့ မာနတွေ
ကွာကျပြီး နှစ်ခြမ်းကွဲနေတဲ့ ရွာဟာ တစ်စုတစည်း
တည်း ပေါင်းစည်း သွားကြပါတော့သတဲ့..ဗျာ။

ကဲ! ခင်ဗျားတို့ရော ရန်ဖြစ်နေကြတုန်းလား...?
ကိုယ့်ကိုယ်ကို အကျိုးမှန်း အကန်းမှန်း
သိကြပါတော့ဗျာ။

Credit > အရှင်ကောသလ္လ(ရေဦး)


No comments:

Post a Comment