Thursday, August 13, 2020

ဝိပါက

(ဖြစ်ရပ်မှန် ဝတ္ထုတို)

        " မောင်စိုးရေ  မနက်ဖြန် ၂ ကောင်ပို့နော်။တို့တစ်ဖွဲ့လုံးထန်းတောကြီးကုန်းဘက်လယ်စိုက်ထွက်ရမှာ မြတ်ထွေးက ၃ ကောင်ပို့တဲ့  သူတို့က တစ်မိသားစုလုံးပါကြမှာမို့။
မိတွတ်တော့ နင်အပြန်ဝင်မေးသွားလိုက်တော့"
     အေးမြ စကားကြောင့် မောင်စိုးမျက်လုံးတွေ အရောင်တောက်လာသည်။မြို့ကလာယူမည့် ဖောက်သည်ပေးဖို့နှင့်
ရွာထဲက အော်ဒါတွေကိုပေးဖို့ ၅၀ကျော် လောက်ရအောင် ရအောင် အားထုတ်လိုက်မည်ဟု တွေးမိသည်။
      ရွာထဲက လူငယ် လူကြီးအရွယ်စုံကလယ်ယာလုပ်ငန်း အားချိန်များတွင်  ဝါးခုတ် မျှစ်ချိုး ထင်းဆွဲ မှိုရှာ ဖားရိုက်
ငါးထောင် စသည်ဖြင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက်ကြသည်။ကြွက်ထိုးသည့်နေရာမှာတော့မောင်စိုးကအတော်ဆုံးဖြစ်သည်။တော်ဆို  သူ့ဘော်ဒါတွေ  ဂုတ်ကျား  ရမ်ဘို
ပုဝိုင်း  ရန်လုံ တို့ကလည်းအားကိုးရသည်။မြင်လိုက်သည့် သားကောင်မှန်ပမျှ မလွတ်စေရ။သည်အုပ်စုထဲမှာတော့
ဘိုဖြူက အထွားကျိုင်းဆုံးနှင့် အသန်မာဆုံးပင်။
      "  ဂိန်' ဂိန်  ဂိန် --"
        ရွာနှင့် အတော်အလှမ်းဝေးသည့် တောစပ် တစ်နေရာမှ ခွေးအော်သံကြားရသည်။အသံက စူးစူးဝါးဝါးနှင့်
အတော်နာလို့အော်နေသည့် အသံ။
    " ဟော  မောင်စိုးခွေးတွေထဲက ဖြစ်မယ်ထင်တယ်ဟေ
အကောင်ကိုက်ပြီထင်ပ"
       ဘကြီးညွန့်က အိပ်နေရာမှ အသံလာရာသို့ နားစွင့်ရင်း
ခန့်မှန်းပြောဆိုနေသည်။
       "ဟုတ်မှာပေါ့ အဘရယ် ၁၂ နာရီထိုးနေပြီ တရေးနိုးတာလား  အစောကြီးရှိသေးတာ ပြန်အိပ်လိုက်ဦးနော်"
        သမီးဖြစ်သူက ပြန်အိပ်ခိုင်းသော်လည်း ဘကြီးညွန့်အိပ်မပျော်တော့ပေ။ည ၁ နာရီလောက် မောင်စိုးပြန်လာသည်။ဘိုဖြူကြီးကို ထမ်းလို့။ရွာထဲက ခွေးတွေ က  ဟောင်
သားကောင်လိုက်ပြန်လာတဲ့ မောင်စိုးရဲ့ ခွေးတွေက အူနဲ့
သည်အချိန်ရောက်လျှင် လူကြီးတွေကတော့  မနက်လင်းတဲ့အထိပြန်အိပ်မရတော့တာ ထုံးစံ ဖြစ်နေတော့သည်။
      " ဟေ့ မောင်စိုး  မင်းခွေးကြီး ပိုးထိလာရော့သလားကွ
စူးစူးဝါးဝါးနဲ့အော်သံကြီးကို ရွာထဲက ကြားနေရတာပ"
        ဘကြီးညွန့်က  ခြံတံခါးကို ခပ်ဟဟ ဖွင့်ရင်းသူ့သမီး
မကြားအောင် အသံကိုထိန်းပြီးဂရုတစိုက်မေးနေသည်။
       " ပိုးထိတာ မဟုတ်ဘူး ဘကြီး  ကျုပ်  ' ကျုပ်လက်လွန်သွားတာဗျာ ဒီကောင်ကြီးကလည်းဗျာ ဒီနေ့ ကြွက်များများရမှဖြစ်မှာပါဆိုမှ ရတဲ့ကြွက်ကြီးကို မလွှတ်ဘဲ ခဲထားလို့"
   မောင်စိုးက ဘိုဖြူကြီးကို ထမ်းထားရင်း စိတ်မကောင်းစွာ
ပြောနေသည်။
"ဘာနဲ့ ရိုက်လိုက်တာလဲ"
ဘကြီးညွန့်ကဆက်မေးနေသည်။
        " ကျုပ်လည်း ကြွက်တူးနေတဲ့ တူးရွင်းရိုးနဲ ရိုက်ချလိုက်မိတာဗျ    ခေါင်းရိုက်မိတာ  သွေးတော့မထွက်ဘူးရယ်
ပါးစပ်က ကြွက်ကြီးလည်းချပြီးရော တဂိန်ဂိန်နဲ့အော်ပြီး
လဲကျသွားတော့တာပါပဲဗျာ"
        စိတ်မကောင်းဖြစ်နေသော မောင်စိုးကို ကြည့်ပြီး
ဘကြီးညွန့်လည်း စိတ်မကောင်းဖြစ်မိလေသည်။
မောင်စိုးက သူ့ခွေးတွေကို သိပ်သံယောဇဉ်ကြီးကြောင်း
တစ်ရွာလုံးလည်းသိကြသည်။မောင်စိုးက ဆက်ပြီး
     "ဒီကောင် အသက်တော့ ရှူနေသေးတယ် ဘကြီးရ
       အိမ်ရောက်ရင် ဂရုတစိုက်နဲ့ ဆေးကုပေးရမယ်
       ၂ရက်လောက်ဆိုရင်တော့ သက်သာသွားမှာပါ"
            *                     *                                    *
       " မောင်စိုး နင်ဒီည ကြွက်ထိုးမထွက်ဘူးလား"
အိမ်နီးချင်း  ဒေါ် နီက လှမ်းအော်မေးနေသည်။
        "ဟုတ် အဒေါ် ကျုပ်မသွားချင်တော့ဘူး  ဒီကောင်ကြီးကိုထားခဲ့ရမှာ စိတ်မချလို့"
မောင်စိုးက ဘိုဖြူ့ခေါင်းလေးကို အသာပွတ်သပ်ရင်း ပြန်ဖြေနေပေမယ့် ဘိုဖြူ့ခဗျာမလှုပ်နိုင်ရှာတော့ပြီ။မျက်လုံးအိမ်မှာတော့ မျက်ရည်လေးတွေဝိုင်းလို့။မောင်စိုး ဘယ်သွားသွား သူ့မျက်စိကမခွါ။သူတို့ သံယောဇဉ်ကိုသိသော အိမ်နီးချင်းတွေလည်း စိတ်မကောင်းဖြစ်နေကြရသည်။သည်လိုနှင့် ၃ ရက်မြောက်နေ့ရောက်တော့ ဘိုဖြူသေသွားသည်။တစ်ကောင်ကြွက်ဖြစ်သော မောင်စိုးခဗျာ များစွာစိတ်ထိခိုက် ခဲ့သည်။သူ့၏ ခဏတာ အမျက်ဒေါသကြောင့် ဘိုဖြူ အသက်ဆုံးရှုံးသွားရသည်ကို မယုံနိုင်အောင်ဖြစ်နေတော့သည်။
                                 ***
    "သတ္တဝါတစ်ခု ကံတစ်ခုပေါ့ မောင်စိုးရယ်   နင့်မလည်း လုပ်မှ စားရမှာလေ တခြားခွေးတွေလည်း ရှိနေတာပဲဟယ်
နင်က အဖြစ်သည်းနေလိုက်တာ "  
   "အေးလေ ဘိုဖြူသေတာပဲ တစ်ပတ်ပြည့်ခဲ့ပေါ့"
    "ကြွက်တစ်ကောင်လေးနဲ့များ လောဘကြီးပြီး ကိုယ့်ခွေးကိုသတ်လိုက်တာလေ"
အိမ်နားနီးချင်းတွေက တစ်ယောက်တစ်ခွန်း အမျိုးမျိုးပြောနေကြသည်။
                                ****
      "ဒီမယ် မောင်စိုး ဘကြီးပြောတာ သေချာနားထောင်နော်
ပြောချင်နေတာတော့ ကြာပါပြီကွယ်   သူများဝမ်းစာရေးမို့
အပြောခက်နေခဲ့တာပ"
မောင်စိုးက ငြိမ်နေရာမှ ဘကြီးညွန့်ဘက်အသာလှည့်ရင်း
     "ဟုတ်ကဲ့ပြောပါ ဘကြီး ရပါတယ်"
"ဒီလိုကွယ့် ဘကြီး မင်းကိုကြွက်ထိုးတဲ့အလုပ်မလုပ်စေချင်ဘူး မင်းလည်းငယ်သေးတာပဲကွယ်။ဘကြီးတို့ လယ်ယာလုပ်ငန်းတွေ ဦးစီးလုပ်ပေါ့ကွာ အိမ်မှာလည်း မင်းညီမတစ်ယောက်တည်း အလုပ်တွေ မနိုင်မနင်းဖြစ်နေတာလေ။
အားချိန်ဆိုရင်တော့ တိုးမောင်တို့နဲ့ ဝါးခုတ်လေး ဘာလေး
လိုက်ချင်ရင် လိုက်ပေါ့ကွယ်"
         "မောင်စိုးက ခေါင်းလေးငုံ့ရင်း အတန်ကြာစဉ်းစားနေပြီးမှ ပြန်ပြောသည်။
    "ဟုတ်ကဲ့ ဘကြီး  ကျုပ်လည်း စိတ်ကုန်သွာပါပြီဗျာ
ကျုပ်လောဘကြောင့် ဘိုဖြူသေရတာကို မဖြေနိုင်ပါဘူး
ဒီကောင်ကြီးက ကျုပ်ကိုလုပ်ကျွေးခဲ့တာကြာရှာပြီဗျ"
        " အေး အေး ပြီးခဲ့တာတွေ ထားလိုက်ပါတော့ကွာ
ဝဋ်ကြွေးပဲပေါ့ ဒီနေ့လုပ်အားပေးမှာတောင် ဆရာတော်က
မင်းကိုမမြင်လို့တဲ့မေးနေသေးတယ်။နောက်တစ်ပတ်ထဲ
မှာ မြတ်ကိုတို့အလှူရှိတယ်လေ။အလှူကိစ္စ ဘုန်းကြီးကျောင်းမှာ အစည်းအဝေးခေါ်တယ်။ဆရာတော်က အားလုံးကိုတာဝန်တွေခွဲပေးပြီး ကျောင်းဝင်းသန့်ရှင်းရေးပါ တစ်ခါတည်း   လုပ်ခဲ့ကြတယ်"
                  ****
        ရွာအလှူဆိုတာက အလှူမတိုင်မီ တစ်ပတ်လောက်ကတည်းက အလှူရှင်အိမ်ကကျွေးနေသည်။ချက်လိုက် ပြုတ်လိုက် စားလိုက်သောက်လိုက်နှင့် ကာလသားများဆို တအားပျော်တတ်ကြသည်။သံချပ်လေးတိုက်ကြ အကလေးကျင့်ကြနှင့်ပျော်နေကြတော့၏။
        " ခွေးရူး တဲ့ဟေ့ --ခွေးရူး -ကလေးတွေကို အိမ်ပေါ်ကမဆင်းကြစေနဲ့-မိပြုံးသားတော့ခွေးကိုက်ခံရလို့ ဆေးရုံပြေးပြီဟေ့ "
      ညနေခင်းရဲ့ပျော်ရွှင်စရာ အချိန်လေးသည် ဆူဆူညံညံအသံတွေကြောင့် ပျက်စီးသွားခဲ့သည်။
       " ဟာ  မနက်ဖြန်ပဲ အလှူရှင်လောင်းလှည့်ပါပြီဆို
ခွေးရူးက ပေါ်လာသေး   တခြားရွာက ဧည့်သည်တွေ ရှင်လောင်းလှည့်လာကြည့်ကြရင် ဣနြေ္ဒပျက်ကုန်ကြတော့မှာပဲ
ဒီကိစ္စ အမြန်ရှင်းမှ"
        ကာလသားခေါင်း  မောင်ထွန်းကပြောပြောဆိုဆို တုတ်ပြေးဆွဲရင်း ချက်ပြုတ်တဲ့နေရာကို မှာစရာရှိတာတွေမှာနေသည်။
     " ဟေ့ကောင် မောင်စိုး  ဟာ  ဒီကောင် ဘယ်ပျောက်သွားပါလိမ့်  ခုတင်လေး မြင်သေးတာကို"
မောင်စိုးကိုမတွေ့တော့သဖြင့်
     " လှမောင်ရေ   မင်းပဲ ချက်ပြုတ်တဲ့နေရာကို  တာဝန်ယူထာဦး  ရေများများဆွဲဖြည့်ထားမှဖြစ်မှာနော်   ငါးခြောက်နှပ်ဖို့တော့ တို့ပြန်လာမှဝိုင်းလုပ်ကြတာပေါ့" မောင်ထွန်းက မှာစရာရှိတာမှာရင်း တုတ်တစ်ချောင်းဆွဲပြီးထွက်သွားပြီ။
သူ့နောက်က လူငယ် ၄ယောက်ခန့် တုတ်ကိုယ်စီဆွဲပြီးပြေးလိုက်သွားကြသည်။ 
                                   *******
အလှူရှင်လောင်းလှည့်မည့် မနက်တွင်
"မောင်စိုးကို ညက ဆေးရုံပို့လိုက်ရတယ် ဘကြီးညွန့်ရေ"
  "အေး ညကတည်းက ကြားတယ်မောင်ထွန်းရဲ့ ဘယ်သူတွေနဲ့ဖြစ်တာလဲ"
     " ဖြစ်တာက လှမောင်နဲ့ ရွာတောင်ပိုင်းက အရှည်ကြီး
မင်းထွန်းနဲ့ဖြစ်တာ ဘကြီးရေ။အဲဒါကို မောင်စိုးက ဝင်ဖျန်ဖြေရင်း အရိုက်ခံလိုက်ရတာ- မင်းထွန်းကိုလည်း စခန်းကခေါ်သွားပြီ"
     ရွာမြောက်ပိုင်းလာပြီး လူတွင်ကျယ်လုပ်နေတဲ့ မင်းထွန်းကို အားလုံးကမကျေနပ်ကြပေ။ကာလသားပေါက်စလေးက ဝင်ပြောသည်။
   " အဲဒီကောင် မင်းထွန်းက အလှူရှင်တိုက်တဲ့အရက်လေးတမြမြနဲ့ ညနေကတည်းကပြဿနာရှာနေတာရယ်။ဘာမှမကူညီဘဲနဲ့ လူတကာကိုလိုက်ရန်ရှာနေရင်းက  လှမောင်ညီမ
ကွမ်းထောင်ကိုင်တွေအကြောင်းပါလာတော့ မခံနိုင်လို့ထရန်သတ်ကြရော။ကြားကနေ ကိုကြီးမောင်စိုး ခံလိုက်ရတာပေါ့ တောက်"
          "စိတ်တိုနေတဲ့ ကာလသားလေးကိုကြည့်ပြီး ဘကြီးညွန့်က
    "အများနဲ့လုပ်တဲ့အလုပ်ဆိုတာ ဒေါသကို ထိန်းနိုင်ရတယ် သားရဲ့ သားတို့က ငယ်သေးတယ် ဒီလိုတွေ အမြဲ ကြုံကြရဦးမှာ" ဟု ဆုံးမနေသည်။
   "ကိုကြီးထွန်း ခွေးရူးသွားရှာနေတုန်းမို့ ဒီကောင် စွာကျယ်လုပ်ရဲတာရယ်  ဟင်း "
     "ဒါနဲ့ ဘာနဲ့ရိုက်လိုက်တာလဲ သား"
      "ရေနွေးတည်ဖို့ ဖိုကျင်းတူးနေတဲ့သူတွေဆီက တူးရွင်းကို လုပြီး  ကိုကြီးလှမောင်ကို ရိုက်လိုက်တာလေ   -အဲမှာ
ကိုကြီးမောင်စိုးရောက်လာပြီး အတင်းဆွဲရင်းကနေရိုက်မိသွားတာ  အားလုံးဝိုင်းဆွဲနေတဲ့ကြားကနေ ဖြစ်သွားတာပဲ ဘကြီးရယ်"
    " အေး ဒါနဲ့ ငါခွေးရူးသွားရှာတော့ မောင်စိုး မရှိခဲ့ဘူးလေကွာ"  ကာလသားကောင်း မောင်ထွန်းက  မေးသည်။
        " အဲဒါ သူ့ခွေးတွေကို ကိုကြီးထွန်းက ခွေးရူးနဲ့မှားပြီး့ သတ်မိမှာစိုးလိုထင်တယ် ခြံထဲထည့်ပြီးသော့သွားခတ်ထားခဲ့တာလေ ကျွန်တော်တို့လည်း ဒီမနက်မှ သူ့ခွေးတွေ တအားအော်နေလို့ သိရတာ   ဟင့်"
      ကာလသားလေးကတော့ လူငယ်ပီပီငိုနေပေမယ့် ဘကြီးညွန့်ကတော့ ခေါင်းငုံ့လို့။
   " မောင်စိုးတစ်ယောက် ဆေးရုံမှာဘယ်သူ ဘယ်ဝါလာတယ်ဆိုတာ သိပေမဲ့စကားတော့မပြောနိုင်သေးဘူး"
ဆေးရုံရောက်ခဲ့သည့် လူတွေကတစ်ယောက်တစ်ခွန်းပြောနေကြသည်။
       သည်လိုနှင့်  အလှူပြီးလို့ ၃ ရက်မြောက်နေ့ရောက်တော့ ဆေးရုံက နာရေးကားနှင့် မောင်စိုးကို ရွာအရောက်ပို့ပေးခဲ့သည်။ရွာပြင်က ညောင်ညိုပင်ကြီးရဲ့အောက်မှာအသုဘ ပြင်ထားပေးကြသည်။
      ဝိပါကဝဋ်၏ ထက်ကြပ်မကွာလိုက်၍အကျိုးပေးပုံကို ရွာသူ-ရွာသားအားလုံးမြင်တွေ့ခဲ့ကြလေပြီ။ဆရာတော်က သရဏဂုံတင် ရေစက်ချတရားဟောရာ၌-
  ဝိပါကဝဋ်သည် ရှေးအခါက အချိန်ဆိုင်းငံ့ပြီးမှ အကျိုးပေးသော်လည်း  ယခုကာလတွင်မူထက်ကြပ်မကွာလိုက်၍အကျိုးပေးနေပုံကို ထည့်သွင်းဟောကြားသည်။ရွာ သူ-ရွာသားများ အားလုံးလည်း  ဆရာတော့်တရားကို နာကြားရင်း
သံဝေဂပွားများနေကြပေလိမ့်မည်။
                                                          သန့်ရှင်း (ကိုးမြေ)
အမှတ်စဉ်-(၂၅၃)-၂၀၁၈-  ဇန်နဝါရီလ-   ဓမ္မရတနာ မဂ္ဂဇင်း

Credit <> May Hnin Aung


No comments:

Post a Comment