ဟိုးရှေးရှေးတုန်းက... တိုင်းပြည်တစ်ပြည်က ဘုရင်ကြီးဆီမှာ အလွန်တန်ဖိုး ရှိတဲ့ ဓါးကောင်းတစ်လက် ရှိသတဲ့။ ဘုရင်ကြီးဟာ ဘယ်လို ပွဲတွေကိုပဲ တက်တက်.. ဒီ ဓါးလေးကို သူ့ရဲ့ အစောင့်အရှောက် အနေနဲ့ ခေါ်သွားလေ့ ရှိတဲ့အတွက်ကြောင့် ဓါးလေးဟာ ဂုဏ်တွေကြားမှာ တဖြည်းဖြည်းနဲ့ သာယာ လာခဲ့တာပေါ့။
တစ်နေ့တော့ အိမ်နီးချင်း နိုင်ငံနဲ့ စစ်ဖြစ်ရဖို့ နေ့ရက်တစ်ခုကို ရောက်လာခဲ့တယ်။ ဖြစ်ဖို့အတွက်လည်း အပြန်အလှန် စစ် ကြေငြာပြီး သွားပါပြီ။ ဒီတော့ ဓါးလေးဟာ တွေးတယ်။ ဒါဟာ အခွင့်ကောင်းပဲပေါ့။ သူ့အနေနဲ့ တကယ့် စစ်ပွဲတွေကြားမှာ အခွင့်အရေးပြရတော့မှာ ဖြစ်လို့ အရမ်း ပျော်မိသတဲ့။ ဒီလို အခွင့်အရေး ရတုန်း သူ့အစွမ်းကို ပြမှသာ အရပ်လေးမျက်နှာမှာ သူ့နာမည်ဟာ ကျော်ကြားလာမှာ မဟုတ်လား။
ဒီလိုနဲ့ ရှေ့တန်းထွက်တဲ့နေ့ကို ရောက်လာတော့ ဓါးလေးဟာ လမ်းတလျှောက်မှာ သူ့ကိုယ်သူ ပွဲတိုင်းနွှဲလို့ တိုက်တိုင်းနိုင်ခဲ့တဲ့ ဓါးတစ်လက် အဖြစ် စိတ်ကူးယဉ်လာတဲ့ အထိပါပဲ။
သို့သော်... ရှေ့တန်း စစ်မြေပြင်ကို ဓါးလေး တကယ် ရောက်သွားတဲ့အချိန်မှာတော့ စစ်ပွဲဟာ စတင် နေခဲ့ပြီးပြီ။ အရာရာဟာ ဓါးလေး စိတ်ကူးယဉ်ထားခဲ့သလို မလှပနေပါဘူး။
သူ့အနေနဲ့ တောက်ပတဲ့ နေရောင် အောက်မှာ ပြောင်လက်နေတဲ့ ရွှေတံဆိပ်တွေ ရှိနေမယ် ထင်ခဲ့မိတယ်။ အနိုင်ရထားတဲ့ ဓါးတွေရဲ့ ရယ်မောသံတွေကို ကြားနေမယ် ထင်ခဲ့သလို တပျော်တပါး အောင်ပွဲခံနေကြတဲ့ ကခုန်ပွဲတွေလည်း ရှိနေမယ် ထင်ခဲ့မိပါသတဲ့။
သို့သော်.. တကယ့် လက်တွေ့မှာတော့... ဓါးတွေဟာ အကုန် ကျိုးပဲ့လို့ မြေမှာ ပြန့်ကျဲနေတယ်။ ဟိုဒီတွေ့နေရတဲ့ ဓါးအိမ်တိုင်းက အိမ်ပိုင်ရှင် ဓါး ပြန်အလာကို စိတ်ပူရင်း မျှော်နေကြတဲ့ မိသားစုသဖွယ် ဟို တစ်ကွက် ဒီတစ်ကွက် တွေ့နေရပါတယ်။
တစ်နေရာမှာတော့ မကျိုးမပဲ့သေးတဲ့ ဓါးတွေ ဟိုတစ်စု ဒီတစ်စု ထပ်တွေ့တယ်။ သို့သော် သူတို့ သည်လည်း လူသားရဲ့ အရသာကို မြည်းစမ်းဖူးတဲ့ တိရိစ္ဆာန်ပမာ ရိုင်းစိုင်းဆဲဆိုလို့ သွေးဆာ နေကြ တာကို ဓါးလေး မြင်ခဲ့ရတယ်။
မြက်ခင်းစိမ်းတွေမရှိသလို နေလည်းမထွက်ဘူး။ သွေးပုပ်ယောင်ထနေတဲ့ မြေပေါ်မှာ အရာရာဟာ ပုံပျက်ဆင်းပျက်နဲ့... ဘယ်နေရာမဆို မီးညွန့်တလူလူ လွင့်လို့ သေမင်း အောင်လံ ထူထားသယောင် မြင်ရတဲ့အခါ ဓါးလေးဟာ စစ်ကို မုန်းသွားပါတော့တယ်။ စစ်ဆိုတဲ့ အသံကို မကြားချင်တဲ့အထိပဲ။ ခုချက်ချင်း နန်းတော် ပြန်ပြေးချင်လှပြီပေါ့။
ဒါပေမယ့်လည်း ဒီတစ်ည လွန်လို့ မနက် အာရုဏ်တက်တာနဲ့ ဘုရင်ကြီးဟာ စစ်ပွဲမှာ ကိုယ်တိုင် ကြီးကြပ်မယ်ဆိုတဲ့အခါ ဓါးလေးဟာ ဘယ်လိုလုပ်ရမလဲ ကြံစည်တယ်။
မရပ်မနား စဉ်းစားနေမိတဲ့အတွက်ကြောင့် သိပ်မကြာခင်မှာ ဓါးလေးဟာ ပူလာတယ်။ ညဥ့်အတော် နက်တော့ ဓါးလေးဟာ အရောင်တွေတောက်လာတဲ့အထိကို ပူနေပြီ။ သန်းခေါင်ချိန်မှာ အပူအရမ်း များလာတဲ့ ဓါးဟာ တုန်ခါလို့ အသံကျယ်ကြီးတစ်ခု ဓါးအိမ်ထဲကနေ ထွက်လာပါတယ်။
ဒီလို စူးရှတဲ့ အသံကြောင့် ကျန်ဓါးတွေဟာ သတိပြုမိပြီး သူ့အနားကို ရောက်လာခဲ့တယ်။ ဒီတော့ ဓါးလေးဟာ ပြောပြတာပေါ့။ စစ်မဖြစ်စေချင်ဘူး။ စစ်ပွဲကို မကြိုက်ဘူးလို့။
"မကြိုက်ပေမယ့်လဲ တို့ ဘာများတတ်နိုင်မှာလဲကွာ။" လို့ ဝါရင့် ဓါးအိုတစ်လက်က ဝင်ပြောပြပါတယ်။
ဒီအချိန်ကလေးမှာ ဓါးကလေးဟာ အကြံတစ်ခုရသွားတယ်။
"ကျုပ်တို့လုပ်နိုင်တာ ရှိပါတယ်။ ခုနက ကျုပ်လုပ်သလို အသံထွက်လာအောင် ခင်ဗျားတို့ အားလုံးလည်း နည်းမျိုးစုံနဲ့ ဝိုင်းလုပ်ကြပါ။"
ဒီတော့ ကျန်ဓါးတွေလည်း ဘုမသိ ဘမသိနဲ့ အသံထွက်အောင် ရမ်းခါ ရတော့တာပေါ့။ ဒီမှာ တစ်ချောင်းထဲဆို မသိသာတဲ့ အသံဟာ ဓါးအစုအဝေးလိုက် လှုပ်ရမ်းနေမှုကြောင့် ကျယ်လောင်တဲ့ အသံတစ်ခု ဖြစ်လာတယ်။
ဘယ်လောက်တောင် ကျယ်လာသလဲဆိုရင် တစ်ဖက်က ရန်သူ့တပ်မှာ ရှိတဲ့ဓါးတွေ ကြားကုန်တဲ့ အထိပဲ။ ဆိုတော့ စစ်မဖြစ်ရေးကို လိုလားတဲ့ တဖက်က ရန်သူ့ဓါးတွေဟာလည်း သဘောတူလို့ တညီတညွတ်ထဲ လာရောက်ပူးပေါင်းကြတယ်။
အဲ့သလိုနဲ့ မနက်အာရုဏ်တက်ချိန်အထိ နှစ်ဖက်စလုံးက ဓါးတိုင်းဟာ အသံတွေ ဆူညံစေတဲ့အခါ စစ်သားတွေဟာ အိပ်ရေးမဝကြဘူး။ ဘုရင် ၂ ပါးလည်း အိပ်ရေးပျက်ခဲ့ကြတဲ့ အလျောက် အဲ့ဒီ တစ်နေ့လုံးကို အိပ်ကြဖို့ ဆုံးဖြတ်ရင်း နောက်တစ်ရက်မှ စစ်ဖြစ်ဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။
ဒါပေမယ့်လည်း ဓါးတွေဟာ အလျှော့မပေးဘူး။ တက်ညီလက်ညီနဲ့ နေ့မွန်းမတည့်ခင် အချိန်မှာ ထပ် လှုပ်ခါလို့ တစုတဝေးထဲ ဆူညံကြပြန်တယ်။
အဲ့သလိုမျိုး ခနလောက်ပေးအိပ်လိုက် အိပ်မရအောင် လုပ်လိုက် ပြန် ငြိမ်သွားလိုက်နဲ့ ၇ ရက်လောက် ဆက်တိုက် လုပ်လာတဲ့အခါ ဘုရင် ၂ ပါးဟာ အချင်းချင်း တွေ့ဆုံပြီးတော့ ဓါးပြဿနာကို အဖြေထုတ်ရတဲ့အထိ ဖြစ်လာခဲ့တယ်။
ညတိုင်း အိပ်မရ.. နေ့လည်း အိပ်မရ ဖြစ်ပုံတွေ သူတို့ အပြန်အလှန် ပြောကြတယ်။ တစ်ဖက်က အတွေ့အကြုံနဲ့ တစ်ဖက်က အတွေ့အကြုံတွေ ဖလှယ်ကြတယ်။
ဒီလို တူညီတဲ့ ခံယူချက် တစ်ခုမှာ ဘုရင် ၂ ပါးလုံး အပူတွေ ဖွင့်ချလိုက်ရလို့ ဝမ်းမြောက်ဝမ်းသာ ရယ်မောခဲ့မိတယ်။ တစ်ဖက်က စစ်သားနဲ့ ကိုယ့် စစ်သား ကြားမှာ စာနာ နားလည်မှုတွေ ပေါ်လာခဲ့တယ်။
နောက်ဆုံးမှာ ဓါးတွေ တိတ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစပျိုး ဆွေးနွေးမှုကနေ စစ်ကျေအေး လိုက်ကြပါစို့ ဆိုတဲ့ အဖြေကို လိုလိုလားလား ထုတ်မိတဲ့ အထိ သူတို့ချင်း ပြေလည်သွားကြပါတယ်။
အဲ့ဒီနေ့က စလို့ ဘုရင် နှစ်ပါးစလုံးဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြပါသတဲ့။
ပုံပြင်လေးက ပြီးဆုံးသွားပါပြီ ဒီပုံပြင်ကို သင်ခန်းစာအဖြစ်ယူနိူင်ကြပါစေ။👸
Credit မူရင်း
▼
No comments:
Post a Comment