Thursday, August 13, 2020

မြွေပွေးလိုလူ မဖြစ်စေချင်

ဘားအံ-ဘက်က
မြွေဖမ်း အလွန်ကျွမ်းကျင်တဲ့ ကရင်ကြီး တစ်ယောက်ရှိတယ်။

အဲဒီကရင်ကြီးက ခြေထောက် တစ်ဖက်က မသန်ရှာဘူး။
ဒါပေမဲ့ မြွေဖမ်းတဲ့နေရာမှာတော့ အလွန်တော်တယ်။
တစ်ညကို ၂-ကောင် ၃-ကောင် လောက်ရတယ်။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ တစ်ကောင်ကို တစ်သောင်းလောက် ရတာကိုး။

လူငယ်လေးတစ်ယောက်က ‘‘ဖထီး မြွေပွေးကို ဘယ်လို ဖမ်းလဲဗျ’’လို့  ကရင်ကြီးကို မေးတယ်။

"ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး။
အဲဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတာကိုး။
ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ်’’

"မြွေပွေးကျတော့ လူတွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ်ဆိုပြီး ငြိမ်နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့။
သူ့ကိုမထိသေးရင် ဘာမှမလုပ်ဘူး၊
ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက်တယ်။
ဒီကောင် မလှုပ်နိုင်တော့ဘူး’’

‘‘မြွေထဲမှာ မြွေပွေးက ဖမ်းလို့ အလွယ်ဆုံးပဲ၊ အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး’’ လို့ ပြောပြပါတယ်။

ဒီတော့ မြွေပွေး ဘာကြောင့် သေရသလဲ၊ အဆိပ်ပြင်းတယ်ဆိုပြီး မာန်တတ်နေလို့ပဲ။

အရပ်ထဲမှာလည်း မာန်တက်နေတဲ့ လူတွေ အများကြီး ရှိတယ်။
အဲဒါ မြွေပွေးလို လူပဲ။ အောင်မြင်မှုတွေ ရလာပြီ, နာမည်တွေ ကျော်ကြားလာပြီဆိုရင် မာန်တက်တတ်တယ်။
အဲဒီလို မာန်တက်လာရင် #မှန်ကင်းကနေ_ထင်းဖြစ်သွားနိုင်တယ်လေ။

မာနဝင်လာပြီဆိုရင် ကိုယ့်ရဲ့ ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို သတိရပါ။
မှိန်းဆိုတာ အခြား မဟုတ်ဘူး၊ အကုသိုလ်ကံကြမ္မာပဲ။

ဒါကြောင့် သတိပေးချင်ပါတယ်။ မြွေပွေးလို လူ မဖြစ်ပါစေနဲ့။

                       
Credit ဓမ္မ ဥမင်


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...