Wednesday, August 12, 2020

လူငယ်လေးနှင့် ရိုင်းစိုင်းသောကြက်တူရွေး ပညာပေး/ဟာသ

တစ်ခါက လူငယ်တစ်ယောက်ဟာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်အဖြစ်ရရှိခဲ့ပါသတဲ့..။

လူငယ်လေးဟာ ကြက်တူရွေးလေးကို ရလျဉ်ရချင်းပဲ အင်မတန်လှပတဲ့ လှောင်အိမ်လေးကို ဝယ်ပေးခဲ့တယ်။ ကြက်တူရွေးလေးကြိုက်တတ်တဲ့အစာကိုလည်း ပုံမှန်ပဲ မပျက်မကွက် ဝယ်ခြမ်းကျွေးမွေးခဲ့တယ်။

ကြက်တူရွေးလေးကိုလည်း ယဉ်ကျေးသောစကား၊ ချိုသာသောစကားကို ဆိုစေဖို့အတွက် "ဖိုးချို" လို့ နာမည်ပေးခဲ့တယ်။ တစ်ပတ်လောက်ကြာတဲ့အခါ ကြက်တူရွေးက လူငယ်ကို စကားစပြောလာခဲ့တယ်။

"ပေကြောင်ကြောင်နဲ့ ဟိုဘဲ.. ငါ့ကို အစာလာထည့်ပေးစမ်း။ ငါစိတ်ရှည်တယ်ဆိုတာ အတိုင်းအတာရှိတယ်။ ပါးဖြတ်ရိုက်လိုက်လို့ သွားချီးယိုးဒယားကသွားမယ်"

လူငယ်ဟာ အဲဒီလို ကြက်တူရွေးရဲ့ရိုင်းစိုင်းတဲ့စကားကိုကြားတဲ့အခါ အင်မတန်အံ့သြသွားတယ်။ "ဒီကြက်တူရွေးကို ယဉ်ကျေးလာအောင်လုပ်မှရမယ်" လို့ တွေးတောခဲ့တယ်။

နောက်တစ်နေ့မှာလည်း လူငယ်လေးရဲ့ အဖေဟာ လူငယ်လေးဆီအလည်အပတ်ရောက်လာတယ်။ အဲဒီအခါမှာလည်း ကြက်တူရွေးက

"နှာဗူးရုပ်ကြီးဟေ့...။ နှာဗူးရုပ်ကြီး..။ ခင်ဗျားသားက ဘိန်းစားရုပ်၊ ခင်ဗျားကနှာဗူးရုပ်" ဆိုပြီးပြောခဲ့တယ်။

လူငယ်လေးရဲ့ဖခင်ဟာ "မင်းဘယ်လောက်ရိုင်းစိုင်းနေလည်းဆိုတာ မင်းကြက်တူရွေးက သက်သေပြနေတယ်၊ အဖေမျက်နှာကို အိုးမည်းမသုတ်နဲ့" လို့ပြောပြီး စိတ်ဆိုးမာန်ဆိုးနဲ့ပြန်လည်ထွက်ခွာသွားခဲ့ရတယ်။

လူငယ်လေးဟာ ကြက်တူရွေးရဲ့ မိုက်ရိုင်းလှတဲ့ အမူအကျင့်ကို ပျောက်စေဖို့အတွက် မဖြစ်မနေလုပ်ရမယ့် အနေအထားဖြစ်လာခဲ့တယ်။

နောက်တစ်နေ့မှာတော့ လူငယ်လေးဟာ ကြက်တူရွေးကို လှောင်အိမ်ထဲက ထုတ်ယူလိုက်ပြီး ယဉ်ကျေးလိမ္မာသင်တန်းပေးခဲ့တယ်။

"ဖေ့သားကြီးကြက်တူရွေးလေးရေ"

"ဘာတုန်းသောက်ရူးရေ"

"စကားဆိုတာ ယဉ်ယဉ်ကျေးကျေးပြောရတယ်ကွ"

"ငါ့ဟာငါ ဘယ်လိုပြောပြော မင်းသောက်ပူပါလား သောက်ရူးလေးရဲ့"

"ချိုချိုသာသာပြောရင် လေယဉ်တောင်အလကားစီးရတယ်တဲ့"

"ဆုတောင်းလေ..ဆုတောင်း"

"ငှက်စုတ် ငါစိတ်တိုလာပြီနော်"

"ဆိတ်တိုရင် နွားမွေး၊ ရွာပြန်ကောက်စိုက်၊ ဂျွမ်းထိုးလိုက်၊ ကြိုးဆွဲလိုက်"

"ဟေ့ကောင် ကောင်းကောင်းမွန်မွန်မပြောရင် ငါတစ်ခုခုလုပ်တော့မှာနော်"

"လုပ်လေ လုပ်ပေါ့ ခင်ဗျားက အခြောက်မရဲ့လင်ပဲ"

လူငယ်လေးဟာ အင်မတန်စိတ်တိုသွားတယ်...။ အဲဒါနဲ့ပဲသူဟာ ကြက်တူရွေးကို စက္ကူပုံးတစ်ခုထဲမှာ နာရီဝက်လောက်ထည့်ပိတ်ထားခဲ့တယ်။ အဲဒီနောက်မှာတော့သူဟာ ကြက်တူရွေးကို ထုတ်ယူပြီး

"မှတ်ပြီလားငှက်စုတ်"

"မှတ်ပါပြီ..မင်းက ငပေါလို့သေသေချာချာမှတ်ထားလိုက်ပြီ၊ နောက်ငါ့ကို ထပ်လုပ်ရင် မင်းခေါင်းပြုတ်ပြီမှတ်၊ ငါစိတ်ရှည်တယ်ဆိုတာ အတိုင်းအတာရှိတယ်။ ပါးဖြတ်ရိုက်လိုက်လို့ သွားချီးယိုးဒယားကသွားမယ်"

လူငယ်လေးဟာ ဒီတစ်ကြိမ်မှာတော့ ထိန်းမနိုင်သိမ်းမရ ဒေါသပေါက်ကွဲလာခဲ့တယ်။ အဲဒါနဲ့သူဟာ ကြက်တူရွေးကို ရေခဲသေတ္တာထဲမှာထည့်ပိတ်ထားလိုက်တယ်။

အဲဒီလိုထည့်ပိတ်ပြီးတဲ့အခါ အထဲက ကြက်တူရွေးရဲ့အသံကို နားစွင့်နေခဲ့တယ်။

ကြက်တူရွေးဟာ ရေခဲသေတ္တာထဲရောက်ရောက်ချင်းမှာဘဲ လူငယ်လေးကို မိုက်ရိုင်းစွာ ဆဲဆိုနေပြန်တယ်။

ခဏအကြာမှာတော့ ကြက်တူရွေးရဲ့ဆဲဆိုသံတွေဟာ တိခနဲ ရပ်သွားတာကို လူငယ်လေးကြားလိုက်ရတယ်။

လူငယ်လေးဟာ စိုးရိမ်စွာ နဲ့ကြက်တူရွေးကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်တယ်။ ပြီးတဲ့အခါ..

"ဖိုးချို..ငါတောင်းပန်ပါတယ်ကွာ... ငါနောက်ကို အဲဒီလိုမလုပ်တော့ပါဘူး..။ မင်းလည်းမရိုင်းနဲ့တော့နော်" လို့ပြောပြီး ကြက်တူရွေးကို တောင်းပန်လိုက်တယ်။

ဒီလောက်ဆို ကြက်တူရွေးဟာ နောင်တရပြီးပြောင်းလည်းလာမယ်လို့ သူတွေးနေမိပြန်တယ်.။ ခဏအကြာမှာတော့ ကြက်တူရွေးဟာ လှုပ်ရှားလာနိုင်တယ်။ အဲဒီအခါ လူငယ်လေးက

"ဖိုးချိုငါ့ကိုခွင့်လွှတ်တယ်မလား။ မင်းလဲ မရိုင်းတော့ဘူးမလား" လို့မေးလိုက်တယ်။

အဲဒီအခါမှာတော့ ကြက်တူရွေးက လူငယ်လေးကို အင်မတန်ဂရုဏာသက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

ပြီးတော့ သူက ဒီလိုပြောလိုက်တော့တယ်..

"အေး..အဖေခွင့်လွှတ်တယ်ငါ့သား... မင်းကံကြီးမထိုက်ပါစေနဲ့လို့ အဖေဆုတောင်းပါတယ်..."

တကယ်တော့ ကျွန်တော်တို့တွေဟာလည်း ဒီပိုစ့်ထဲက လူငယ်လေးလိုဖြစ်နေတတ်ကြတယ်လို့ဆိုနိူင်ပါတယ်။

ကြက်တူရွေးလေးကို အမြတ်တနိုးမွေးမြူထားသလို မိမိရဲ့ ခင်မင်ရတဲ့အပေါင်းအသင်း၊ ချစ်မြတ်နိုးရတဲ့ချစ်သူ၊ စတဲ့ မိမိသံယောဇဉ်တွယ်တာရတဲ့သူတွေကိုလည်း လိုအပ်သမျှတွေဖြည့်ဆည်းပေးကာ အမြတ်တနိုးဆက်ဆံပေါင်းသင်းတတ်ကြတယ်။

အဲဒီလို ဆက်ဆံပေါင်းသင်းနေရင်းနဲ့ပဲ မိမိချစ်ခင်မြတ်နိုးသူတွေမှာရှိတဲ့ သည်းမခံနိုင်စရာ မကောင်းသော စရိုက်၊ မကောင်းသောအကျင့်တွေကိုတွေ့လာ
နိူင်ပါတယ်။

အဲဒီအခါ ကျွန်တော်တို့ဟာ မိမိတို့ သိမှတ်ထားသမျှ ဥပမာ၊ ဆုံးမစကား၊ အဖြစ်အပျက်တွေနဲ့ သူတို့ရဲ့ မကောင်းတဲ့စရိုက်ကို ပြောင်းလည်းလာအောင် ကြိုးပမ်းအားထုတ်ကြမယ် သူတို့ကို ပြောင်းလည်းဖို့ကြိုးစားရင်း နဲ့ပဲ ပြောလဲဖို့ဖြစ်မလာတော့
လူငယ်လေးဒေါသပေါက်ကွဲသလို မလုပ်သင့်မလုပ်ထိုက်တာတွေကိုပါ ပြုလုပ်မိသွား
ကြတယ် အဲဒီလို အခြားလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ မကောင်းတဲ့ဗီဇကို ပြောင်းလဲဖို့
ကြိုးစားခြင်းဟာ အချည်းနှီးဖြစ်တယ်၊ ထင်သလောက်မလွယ်ကူဘူးလို့ဆိုလိုချင်တာပါပဲ
တကယ်တော့လည်း ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းကသာ အကောင်းဆုံးအဖြေသာဖြစ်တယ်သည်းခံခြင်းများမွေးမြူနိုင်ကြပါစေဗျာ။

Credit. မူရင်း


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...