တစ်ခါတုန်က အာရပ်ကုန်သည်တစ်ဦးမှာ သန်မာလှပတဲ့ မြင်းတစ်ကောင်ရှိတယ်။
အဲဒီမြင်းဟာ တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်အောင်သွားလာနိုင်တာမို့ ပိုင်ရှင် ကုန်သည်က အလွန်မြတ်နိုးတယ်လို့ ဆိုတယ်။
အဲဒီအဖိုးတန်မြင်းကို ကုလားအုတ် တစ်ကောင် ပိုင်ဆိုင်ထားတဲ့ ဒုတိယကုန်သည်တစ်ဦးက မျက်စိကျနေတယ်။
တစ်နေ့မှာ ကုလားအုတ်ပိုင်ရှင်က မြင်းပိုင်ရှင်ကို ကုလားအုတ်နဲ့ မြင်း လဲလှယ်ရအောင်ဆိုပြီး စကားကမ်းလှမ်းပါတယ်။
မြင်းပိုင်ရှင်က ငြင်းဆန်တယ်။ ကုလားအုတ်ပိုင်ရှင်က သူ့မှာရှိသမျှစည်းစိမ်နဲ့ လဲမယ်လို့ တောင်းဆိုပြန်တယ် ။
မြင်းပိုင်ရှင်က ဒီမြင်းဟာ ကျနော်ဘဝအတွက် အကောင်းဆုံးအဖော်မွန်။
ကျနော်အသက်ရှင်နေသရွေ့ ဒီမြင်းကို ဘယ်လိုအရာမျိုးတွေနဲ့မှ မလဲနိုင်လို့ ငြင်းဆိုလိုက်တယ်။
ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိတာကြောင့် မြင်းကို ပိုင်ဆိုင်နိုင်ရနိုင်ဖို့ အမျိုးမျိုး အကြံထုတ်တော့တာပေါ့။
တစ်နေ့မှာ ကုလားအုတ်ပိုင်ရှင်ဟာ အဝတ်အစား အစုတ်အပြတ်ကို ဝတ်ဆင်ပြီး မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာမှာ ဖျားနာချင်ရန်ဆောင်ပြီး လဲလှောင်းနေခဲ့တယ်။
မြင်းပိုင်ရှင်က လဲနေတဲ့သူ့ကို တွေ့တဲ့အခါ မြင်းပေါ်က အလျင်အမြန်ဆင်းပြီး ဖျားနေတဲ့ သူ့ကို မြင်းပေါ်ပွေ့တင်လိုက်တယ်။
ဟန်ဆောင်လဲနေတဲ့ ကုလားအုတ်ပိုင်ရှင်ဟာ မြင်းပေါ်ရောက်တာနဲ့ လူကောင်းပကတိလိုဖြစ်သွားပြီး မြင်းပိုင်ရှင်ကို.......။
“ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော်အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျားလက်မခံခဲ့ဘူး။ အခု ကျွန်တော် မြင်းပေါ်ရောက်နေပြီ။ ဒီမြင်းကို ကျွန်တော်ပိုင်သွားပြီ ” လို့ ပြောလိုက်ပါတယ်။
မြင်းပိုင်ရှင်က....။
ကောင်းပြီလေ။ မြင်းကို ခင်ဗျား ပိုင်သွားပါပြီ။ ဒါပေမယ့် ခင်ဗျား ထွက်မသွားခင် ကျွန်တော် စကားတစ်ခွန်းပြောချင်သေးတယ်။
ဒီစကားကို ခင်ဗျား သေချာမှတ်ထားပါ။
မြင်းကို ကျွန်တော်ပိုင်ပြီပဲလို့ တစ်ခွန်းမကဘူး ခင်ဗျား ကြိုက်သလောက်ပြောလို့ရပါတယ်။
တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့။ ဒီစကားကို မှတ်ထားပေးပါ။
အဲသလိုပြောတော့ ကုလားအုတ်ပိုင်ရှင်က နားမလည်စွာနဲ့ ပြန်မေးတယ်။“ ဘာဖြစ်လို့လဲ ” ပေါ့...။
မြင်းပိုင်ရှင်က....။
ဒီမြင်းကို ဘယ်လိုရလဲဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့လူတွေ့ရင် ဘယ်သူက ကယ်ရဲတော့မှာလဲဗျာ။
အဲဒါကြောင့် ခင်ဗျားဖျားဟန်ဆောင်ပြီး လိမ်လည်ရယူခဲ့ကြောင်း ဘယ်တော့မှ ဘယ်သူကိုမှ မပြောပါနဲ့လို့ ပြောရတာပါလို့ ရှင်းပြတော့...။
မြင်းပိုင်ရှင်ရဲ့ ရှင်းပြတဲ့စကားကို ကြားလိုက်ရတဲ့ ဒုတိယကုန်သည်ဟာ တစ်ခဏမျှ ဆွံ့အသွားတယ်။ အဲဒီနောက် ရှက်ရွံ့အားနာပြီး မြင်းပေါ်က ချက်ချင်းဆင်း မြင်းပိုင်ရှင်ကို တောင်းပန်ပါတယ်။
ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့တယ်။ အရှက်တရားနဲ့ နောင်တတွေရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ... တဲ့။
ရိုးသားမှုဆိုတာ လောဘရမ္မက်ကြောင့် ဘာကြောင့် ညာကြောင့် အချိန်မရွေးပုံပျက်သွားနိုင်တယ်။
ပုံပျက်ခဲ့ဘူးပေါင်းလည်း များစွာကြုံဘူးကြလိမ့်မယ်။
မကြုံဘူးပါဘူးလို့ပြောပြီး မရိုးမသားတော့ မလုပ်မိပါစေနဲ့။
အဲသလိုလုပ်မယ့်အစား မိမိမရိုးသားလိုက်တာကို မရိုးသားလိုက်မိမှန်း မှန်စွာသိပြီး အလျင်အမြန်ပြုပြင်ရိုးသားမယ်ဆို ပုံပျက်သွားတဲ့ရိုးသားမှုဟာ ပြန်လည်တည့်မတ်လာပါလိမ့်မယ်။
Credit မူရင်း
▼
No comments:
Post a Comment