တစ်ခါတုန်းက …
မိန်းမအလွန်ကြောက်ရတဲ့ ယုန်ပစ်မုဆိုး တစ်ယောက် ရှိတယ်။ မုဆိုးရဲ့မိန်းမက သူ့ယောကျ်ားကို မယုံဘူး။ ရလာတဲ့ ယုန်အရေအတွက်ကို တိတိကျကျ သိနိုင်ဖို့ မိုးလင်းပြီဆိုရင် ယုန်ပစ်ထွက်ဖို့ မြား ဆယ်စင်း၊ ထန်းလျက် ဆယ်လုံး၊ ယုန်ကောက်ဖို့ အမဲလိုက်ခွေးတစ်ကောင် ပြင်ပေးထားလေ့ရှိတယ်။ ဆိုလိုတာက မုဆိုးက လက်အရမ်းဖြောင့်တဲ့သူဖြစ်လို့ မြားတစ်စင်းဆိုရင် ယုန်တစ်ကောင် မှန်လိမ့်မယ်။ အမဲလိုက်ခွေးကို သွားကောက်ခိုင်းပြီး ဆုအဖြစ် ထန်းလျက်တစ်လုံး ကျွေးရမယ်။ မြားဆယ်စင်း၊ ထန်းလျက်ဆယ်လုံးဆိုရင် ယုန်ဆယ်ကောင်ပေါ့။
ဒီလိုနဲ့ …
တစ်နေ့မှာ ယုန်ပစ်ထွက်လာကြတယ်။ မြားကိုးစင်း၊ ယုန်ကိုးကောင် အထိကတော့ အဆင်ပြေနေတယ်။ နောက်ဆုံးဆယ်စင်းမြောက် မြားကို ပစ်လိုက်တဲ့အခါ ယုန်ကို မှန်သွားတာ တွေ့လိုက်တယ်။ အမဲလိုက်ခွေးကလည်း ချက်ချင်း ယုန်နောက်လိုက်သွားတယ်။ ဒါပေမယ့် အကြာကြီးနေမှ ခွေးဟာ မောပန်းပြီး ယုန်မပါဘဲ ပြန်ရောက်လာတယ်။ မုဆိုးက စိတ်ကလည်းဆိုး၊ မိန်းမကိုလည်း ကြောက်ရတော့ ခွေးအသုံးမကျကြောင်း ပြန်ပြောပြနိုင်ဖို့ သက်သေအဖြစ် ကျန်တဲ့ ထန်းလျက်ခဲ တစ်လုံးကို ခွေးကိုမကျွေးတော့ဘဲ ပြန်သိမ်းဖို့လုပ်တယ်။
ခွေးကလည်း သခင့်အမူအရာကိုကြည့်ပြီး –
“မရက်စက်ပါနဲ့ သခင်ရယ်။ ကျုပ်လည်း အဲဒီ့ယုန်ရဲ့နောက်ကို ပြေးနိုင်သလောက်ပြေးပြီး လိုက်ခဲ့တာပါပဲ။ စာနာပါ။ ညှာတာပါ။ ကျုပ်အပြစ်လို့ တစ်ဘက်သတ်ကြီး မဆုံးဖြတ်ပါနဲ့´´ လို့ စိတ်ထဲကနေ စကားတွေ ပြောနေသတဲ့။
မြားချက်ထိပြီး ဒဏ်ရာရသွားတဲ့ ယုန်အကြောင်းကိုလည်း ပြောရဦးမယ်။
ဒဏ်ရာရ ယုန်ကလေးလည်း မောကြီးပန်းကြီးနဲ့ မိသားစု သူငယ်ချင်းတွေဆီ ပြန်ရောက်သွားတယ်။ တခြားယုန်ကလေးတွေကလည်း “မြားချက်က အရေပြားကို ရှပ်ထိသွားလို့ တော်သေးတာပေါ့၊ မသေကောင်း မပျောက်ကောင်းပဲ´´ စသဖြင့် ဝိုင်းဝန်းအားပေးပြီး ယုန်ကလေးကို အပြေးသန်တဲ့ ခွေးလက်က ဘယ်လိုလွတ်လာတာလဲလို့ မေးကြတယ်။
ပြေးလာလို့ ရောက်လာတာပေါ့ လို့ ဒဏ်ရာရ ယုန်ကလေးက ပြန်ဖြေတယ်။ ကျန်တဲ့ယုန်တွေကလည်း ပြေးတိုင်းမရောက်တဲ့အကြောင်း၊ ပြေးရင်းနဲ့ ခွေးပါးစပ်ရောက်သွားကြရတာ များကြောင်း ပြန်ငြင်းကြတယ်။ ယုန်ကလေးက သူငယ်ချင်းတွေကို ကြည့်ပြီးပြောပြတယ်။
“ဒီလိုကွ။ ခွေးက လိုက်ပြေးပြေးတယ်။ ငါက ထွက်ပြေးပြေးတယ်။ ပြေးတာချင်းတော့ တူတယ်။ ပြေးပုံချင်း မတူဘူးကွ´´
ကျန်တဲ့ယုန်တွေက နားမလည်ကြလို့ ယုန်ကလေးက ထပ်ရှင်းပြတယ်။
“ဒီလို သူငယ်ချင်းတို့ရ..။ ခွေးက ပြေးနိုင်သလောက် ပြေးခဲ့တယ်။ ငါက သူ့လို ပြေးနိုင်သလောက်ပဲ ပြေးခဲ့တာ မဟုတ်ဘူးကွ။ အသားကုန် ပြေးခဲ့တာ´´
“ဟင်.. ဘယ်လို´´
“အေး.. ဟုတ်တယ်။ ငါက အစွမ်းကုန် ပြေးခဲ့တာ။ ငါသာ ပြေးနိုင်သလောက်ပဲ ပြေးခဲ့ရင် ဒီချိန်ဆို တခြားယုန်တွေလို ရွာလယ်ဈေးမှာ အရောင်းခံနေရလောက်ပြီကွ´´
နားထောင်နေကြတဲ့ ယုန်အားလုံးက ဒဏ်ရာရ ယုန်လေးရဲ့ ဒဿသ နကိုကြားသွားတဲ့အခါ အံ့သြသွားကြတယ်။ ယုန်ကလေးက တစ်လုံးချင်း ဆက်ပြောတယ်။
“ဟုတ်တယ်လေ…။ ပြေးနိုင်သလောက်သာ ပြေးခဲ့တဲ့ ငါတို့ရဲ့ မြားချက်သင့် ယုန်တွေအားလုံး သေဆုံးခဲ့ပြီးပြီ။ ငါကတော့ သူများလို အသေမခံနိုင်ဘူး။ ပြေးနိုင်သလောက်သာ ပြေးတဲ့ခွေးနဲ့ အသားကုန်ပြေးတဲ့ ငါ…။ အစွမ်းကုန် ပြေးခဲ့လို့ ငါ လွတ်မြောက်လာရတာ။ ဒါကြောင့် ခွေးနဲ့ငါ ပြေးပုံချင်း၊ ပြေးနည်းချင်း မတူဘူးလို့ပြောတာ။ မင်းတို့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီမုဆိုးရဲ့ မြားချက်ထိလို့များ ပြေးနိုင်သလောက်သာ ပြေးကြမယ်ဆိုရင် သေဆုံးကြရဦးမှာပဲ။ လွတ်မြောက်ဖို့အတွက်၊ ရှင်သန်ဖို့အတွက်၊ အောင်မြင်ဖို့အတွက် အသားကုန် ပြေး၊ အစွမ်းကုန် ပြေး…´´
ဒီပုံပြင်မှာ ဒဏ်ရာရနေတဲ့ ယုန်လေးက အရှုံးတရားတို့ရဲ့ နိမိတ်ပုံပါ။ လူအများစုဟာ ဒဏ်ရာကို အကြောင်းပြု ပြီး ပြေးနိုင်သလောက်သာ ပြေးခဲ့ကြတယ်။ နောက်ဆုံး အမဲလိုက်ခွေးရဲ့ အစွယ်အောက်မှာ အသက်ဆုံးပါးခဲ့ကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပြေးနိုင်သလောက်ပဲ ပြေးမိနေတယ်ဆိုတာကို သတိမပြုမိကြပါဘူး။ တချို့များဆိုရင် စိတ်ဒဏ်ရာလေး နည်းနည်းရလိုက်တာနဲ့ အိပ်ရာထဲတောင် ခွေခေါက်လဲသွားတတ်ကြတာပါ။
ဘဝမှာကြုံတွေ့ရတဲ့ ဒုက္ခတွေဆိုတာ မြားချက်တွေပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အဲဒီ့မြားချက်တွေရဲ့ ပစ်ခွင်းမှုဒဏ်ကို လူတိုင်းခံကြရစမြဲပါ။
အောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် ရလာတဲ့ ဒဏ်ရာကို ယိုးမယ်မဖွဲ့သင့်ပါဘူး။ ဒဏ်ရာနဲ့ အခက်အခဲဆိုတာ အောင်မြင်မှုအတွက် အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒဏ်ရာတွေ ဘယ်လောက်ပဲ ရထားပါစေ မျှော်လင့်ချက်ကို မစွန့်လွှတ်သရွေ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခွင့် ရှိနေဆဲပါ။
ပြဆိုခဲ့တဲ့ ပုံပြင်မှာ ဒဏ်ရာရ ယုန်သူငယ်ဟာ အသက်ရှင်သန်ခွင့်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ မိမိလုပ်နိုင်တာကို လုပ်နိုင်သလောက်တင်မဟုတ်ဘဲ အစွမ်းကုန် လုပ်ခဲ့တဲ့အတွက် အသက်ရှင်သန်မှုဆိုတဲ့ အောင်မြင်ခြင်းကို ရနိုင်ခဲ့တာပါ။
** အခက်အခဲဆိုတာ အသိဉာဏ်ကြီးသူတွေအဖို့ ယာယီအတားအဆီးသာ ဖြစ်ပါတယ်။
** ရှင်သန်ခြင်းဆိုတာ မျှော်လင့်ခြင်းရဲ့ နောက်ထပ်အဓိပ္ပါယ်တစ်ခု ဖြစ်ပါတယ်။
** အောင်မြင်ခြင်းဆိုတာလည်း အစွမ်းကုန် ကြိုးစားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။
– လူတွေရဲ့ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေဆိုတာ မုဆိုးနဲ့ တူတယ်။ မြားချက်နဲ့ တူတယ်။ အမဲလိုက်ခွေးနဲ့ တူတယ်။
– အောင်မြင်မှုနဲ့ လွဲချော်နေသေးလို့ စိတ်ဓာတ်ကျနေသူတွေက မြားမှန်တဲ့ ယုန်ကလေးတွေနဲ့ တူတယ်။ သူတို့နောက်မှာလည်း လောကဓံဆိုတဲ့ အမဲလိုက်ခွေးက အပြီးကိုက်ဝါးမျိုပစ်ဖို့ တကောက်ကောက်လိုက်လို့..။
– မိမိတို့က အစွမ်းကုန် မဟုတ်ဘဲ ပြေးနိုင်သလောက်ပဲ ပြေးရင်တော့ ဟင်းတစ်ခွက်ပဲ ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် …
ရှင်သန်ခြင်းများကို ပိုင်ဆိုင်နိုင်ဖို့ …
အောင်မြင်ခြင်းများကို ရယူနိုင်ဖို့ …
မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ …
ပြေး … ပြေး … အစွမ်းကုန် ပြေး … ။
Credit: မူရင်း
Thursday, August 13, 2020
ပြေး ပြေးအစွမ်းကုန် ပြေး
Subscribe to:
Post Comments (Atom)
"သင်ယူရမယ့် အရာတွေ"
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...

-
တစ်ခါက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်...
-
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ...
-
(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...
No comments:
Post a Comment