Thursday, August 13, 2020

ယုံကြည်မှု

တခါတုန်းက တိုင်းပြည် ၁ ပြည်ကို သိမ်းပိုက်ဖို့ရန်သူ့စစ်တပ်ဟာ နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အားများနေတဲ့အတွက် ဘုရင်ကလည်းထွက်မတိုက်ဘဲ နေခဲ့တယ်။

ဒီလိုနဲ့အချိန်ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီးဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ်အစည်းအဝေးတစ်ခုခေါ်လိုက်တယ်။

ဘုရင်ကြီး -
"ငါတို့ မကြာခင်အချိန်မှာ အစာရေစာပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်။ ဒါကြောင့် ရန်သူ့တပ်ကို ငါတို့ ထွက်တိုက်မယ်"

စစ်သူကြီး -
"ဒါကတော့ မဖြစ်သင့်ပါဘူးအရှင်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက်အင်အားကြီးလွန်းပါတယ်။
ဒါကြောင့်ထွက်တိုက်ရင် သေချာပေါက် ရှုံးပါလိမ့်မယ်။
ကံတရားက ကျွန်တော်တို့ကို ရှုံးဖို့အတွက် ကြိုတင်သတ်မှတ်ပြီးသားပါ"

ဘုရင်ကြီး -
"ဒါဆို စစ်မတိုက်ရသေးဘဲ ငါတို့ရှုံးမယ်လို့ ကံတရားက သတ်မှတ်ထားတာလား"

စစ်သူကြီးများ -
"ဟုတ်ပါတယ်အရှင်မင်းကြီး"

ဘုရင်ကြီး -
"ကောင်းပြီလေ။ မင်းတို့တွေကံတရားကို အဲဒီလောက်ယုံကြည်တယ်ဆိုရင် ငါတို့ ကံစမ်းကြည့်ကြတာပေါ့"

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ သူ့အိတ်ထဲကအကြွေစေ့တစ်ခု ထုတ်လိုက်ပြီး ပြောတယ်။

ဘုရင်ကြီး -
"အခု ငါ့လက်ထဲမှာ အကြွေစေ့ရှိတယ်။ ငါမြောက်လိုက်လို့ ပြန်ကျလာတဲ့အခါ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ်။ ဒါကြောင့် ထွက်တိုက်မယ်။ ပန်းကျရင်တော့ ငါတို့ရှုံးမယ်။ ဒါကြောင့်ထွက်မတိုက်တော့ဘူးလို့ ဆုံးဖြတ်မယ်။ ဘယ်လိုလည်း" ဆိုတော့ စစ်သူကြီးများ အားလုံးက တညီတညာတည်းထောက်ခံကြတယ်။

ဒါနဲ့ဘုရင်ကြီးကအကြွေစေ့ကို လေထဲမြောက်ပြီး ပြန်အကျမှာဖမ်းလိုက်တယ်။ ပြီးတော့ လက်ကို ဖြေးဖြေးခြင်း
ဖွင့်လိုက်တဲ့အခါမှာ ခေါင်းဘက်ကျနေတာကိုတွေ့ကြတယ်။ ဒါကြောင့် စစ်သူကြီးအားလုံး အရမ်းကိုပျော်သွားတယ်။ နောက် ဒီစစ်ပွဲမှာ သူတို့နိုင်မယ်လို့ ယုံကြည်သွားတယ်။ ဘုရင်ကြီးနဲ့စစ်သူကြီးတို့ဟာ ထွက်တိုက်ဖို့အတွက်
စီမံကိန်းရေးဆွဲကြတယ်။ သူတို့က အင်အားနည်းတဲ့အတွက် ယှဉ်တိုက်ဖို့မလွယ်ဘူး။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ်တိုက်ဖို့  အစီအစဉ်ဆွဲလိုက်တယ်။ ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ်ဆိုတဲ့အကြောင်းကို စစ်သူကြီးတွေကနေ တဆင့် စစ်သည်တော်တွေအထိ ပြန့်နှံ့သွားတယ်။

ဒါကြောင့် စစ်သူကြီးတွေရော စစ်သည်တော်တွေရော အားလုံးစိတ်ဓာတ်တက်ကြွနေကြတယ်။
သူတို့နိုင်မယ်လို့လည်း ယုံကြည်မှု ပြင်းထန်နေကြတယ်။
သူတို့အစီအစဉ်ဆွဲထားတဲ့အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို ဝင်တိုက်ကြတယ်။ ရန်သူတွေဟာ အလစ်တိုက်ခံလိုက်ရတဲ့အတွက် ဖရိုဖရဲဖြစ်ပြီး နောက်ဆုံးမှာ
နောက်ဆုတ်ထွက်ပြေးကြရတော့တယ်။

စစ်နိုင်သွားတဲ့အတွက် ဘုရင်ကြီးနဲ့အတူ မှူးမတ်တွေအားလုံး စားသောက်ပွဲကျင်းပကြတယ်။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ်။

ဘုရင်ကြီး -
"ဒီစစ်ပွဲမှာ ငါတို့  ဘာကြောင့်နိုင်တာလည်း"

စစ်သူကြီး -
"ကံတရားကြောင့်ပါ အရှင်မင်းကြီး"

ဘုရင်ကြီး -
"ကံကြောင့်မဟုတ်ဘူးကွ။ မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်ပဲ။ ကံကြောင့်မဟုတ်ဘူး။ မယုံရင် မင်းတို့ကိုငါသက်သေပြမယ်"

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ အကြွေစေ့ကိုထုတ်ပြီး
စားပွဲပေါ်တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ၂ဘက်လုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ်။

ဘုရင်ကြီး -
"အလုပ်တစ်ခုအောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုတယ်။ ကံဆိုတာ ရွှေဒင်္ဂါး ၁ပြားဖြစ်ခဲ့ရင် ကြိုးစားမှုက ၉၀ ကျပ်သား။ အခွင့်အရေး ၁၀ ကျပ်သားသွန်းလောင်းထားတယ်"

Credit - ဆရာဗန်းမော်သိန်းဖေ


No comments:

Post a Comment