တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။
သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကို
ငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။
သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်းသူ့ကိုလက်ဆောင်ပေးသေးတယ်။
ဒီလိုနဲ့ငပျင်းဟာ ရွာပြင်ထွက်ပြီး
ရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေက
ပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ဝဖီးလာတယ်။
ဒါနဲ့ ရွာသားတွေက
မကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့သူ့နွားကလွဲရင်
ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။
ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲပြန်လာတာပေါ့။ အဲဒီမှာ ရွာသားတွေကသူ့ကိုသတ်ပစ်ချင်ကြတာပေါ့။
သူကြီးက သက်ညှာသောအားဖြင့်သူ့နွားကိုရွာသားတွေက သတ်စားစေဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့
ငပျင်းလည်း" နွားကိုသတ်စားရင်စားပါ ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ"လို့တောင်းတယ်။
ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။
ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ထုပ်ပိုးပြီး ရွာကနေ
ထွက်လာလိုက်တယ်။ ခြေဦးတည့်ရာသွားလိုက်တာ
တောအုပ်တစ်ခုထဲအဖြတ်မှာ
မိုးကချုပ်သွားတယ်။
ဒါနဲ့ နီးစပ်ရာညောင်ပင်ကြီးတစ်ပင်ပေါ်မှာ
တက်အိပ်လိုက်တယ်။ ညလည်းနက်ရော သူအိပ်နေတဲ့ ညောင်ပင်ကြီးအောက်မှာ
လူတစ်စုရောက်နေတာတွေ့လိုက်ရတယ်။ သူတို့အပြောအရ အဲဒီနယ်တစ်ဝှိုက်မှာ
ကျက်စားနေတဲ့ ဓါးပြအုပ်စုဖြစ်နေတယ်။
ဝေစုခွဲရင်း အရက်ထိုင်သောက်နေကြသည်။ ငပျင်းလည်း ကြောက်လန့်ပြီး
ခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေပေါ်ကို ပြုတ်ကျသွားတယ်။
ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ်ထင်ပြီး ဘာမှမယူနိုင်ပဲပြေးပါလေရော။
ငပျင်းလည်း တော်တော်ကြာသွားတော့မှ ဓါးပြတွေရဲ့ စားကျန်တွေစား
တိုက်ရာပါပစ္စည်းများထဲက တစ်ဝက်ကိုယူ ၊
တစ်ဝက်ကိုသူ့ရဲ့နွားသားရေခေါက်နဲ့အတူ မြေမြုပ်ထားခဲ့ပြီး
ရွာကိုနောက်နှစ်ရက်လောက်နေတော့ ပြန်လာခဲ့တယ်။
ရွာသားတွေက သူ့ကိုမြင်တော့တော်တော် အံ့သြသွားတယ်။
ကိုယ်ပေါ်မှာ စိန်တွေ ၊
ရွေတွေနဲ့ သီးနေတာကိုး။ ဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။ ငပျင်းကလည်း -
ကျွန်တော့်နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင်လိုက်တာဗျာ။ ဟိုး
နေပြည်တော်ဖက်မှာ နွားသားရေတွေ အရမ်းဈေးကောင်းနေတာဗျ။
နွားသားရေတစ်ခုထဲမို့လို့ ဒီလောက်ပဲရခဲ့တာ။ တစ်ခြားရွာကလူတွေဆို
ဒီအကြောင်းသိလို့ သွားရောင်းကြတာ တစ်ရွာလုံးသူဌေးဖြစ်နေပြီ။ ဒီရွာက
လူတွေကညံ့ပါတယ်။
ဒါနဲ့ ရွာသားတွေလည်း သူ့စကားယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဖက်မှာ
သွားရောင်းကြတာပေါ့။ ဟိုကလူတွေက သူတို့ကို
အရူးတွေထင်ပြီးမောင်းထုတ်လိုက်ကြတယ်။ ရွာသားတွေလည်း
စိတ်တိုပြီးပြန်လာကြတယ်။ ရွာရောက်တော့ ငပျင်းရဲ့အိမ်ကို
မီးဝိုင်းရှို့လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကို
မီးရှို့ပြီးထွက်လာတဲ့ပြာကိုတော့ သူ့ကိုပေးပါလို့တောင်းတယ်။
ရွာသားတွေကလည်းပေးတယ်။ ငပျင်းက ပြာကို ပုဆိုးနဲ့ထုပ်ပိုးပြီးရွာကနေ
ထွက်လာခဲ့တယ်။ အရင်တစ်ခါ ပစ္စည်းတွေမြေမြှုပ်ထားတာကို ပြန်ဖော်ပြီး
သုံးရက်နေတော့ ရွာပြန်လာတယ်။
ဒီတစ်ခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲဆိုတော့
ရွာသားတွေကမေးပြန်ရော။
ငပျင်းလည်း - အရှေ့ဖက်ကို သုံးရက်ခရီးသွားရင် အဲဒီမှာ
သာယာကုန်းဆိုတဲ့ရွာရှိတယ်ဗျ။ အဲဒီရွာက
အိမ်ကိုမီးရှို့လို့ထွက်လာတဲ့ပြာနဲ့ ပြာဆေးဖော်ရောင်းတယ်။ သူတို့ရွာက
သစ်တွေ ဝါးတွေက ဆေးဖက်မဝင်တော့ တခြားရွာက
အိမ်မီးရှို့တဲ့ပြာကိုဝယ်ရတယ်လေ။ သူတို့ဆေးကစွမ်းတော့ ရောင်းကောင်းပြီး
သူဌေးတွေဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပျာရောင်းပြီး ချမ်းသာနေပြီ။
ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံးဆိုပဲ။ ဒါကြောင့်
ဈေးကောင်းပေးပြီးဝယ်တာလေ။ ဒါတောင် ပြာကနည်းနည်းပဲပါသွားလို့ပေါ့။ ဒါနဲ့
ရွာသားတွေလည်း အိမ်တွေကိုမီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ်တင်ပြီး
ပြာသွားရောင်းကြတယ်။ ထုံးစံအတိုင်း ဒေါသငယ်ထိပ်ရောက်ပြီး ပြန်လာရပြန်ရော။
ရွာသားတွေတိုင်ပင်ရတော့တာပေါ့။ ငပျင်းကြောင့် ခိုင်းနွားတွေလည်းဆုံး၊
အိမ်တွေလည်းဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှဖြစ်မယ် ဆိုပြီး
ရွာဘေးချောင်းက ငါးထောင်တဲ့မြှုံးတိုင်မှာချည်ထားပြီး ရွာပြန်လာကြတယ်။
ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။ ဒါနဲ့ ငပျင်းလည်း
ဒီတစ်ခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တစ်ခြားရွာက လူတစ်ယောက်က
မျက်လုံးတစ်ဖက်လပ်နေတဲ့ ကျွဲထီးတစ်ကောင်ကို ဆွဲပြီးလျှောက်လာရင်း
သူ့ကိုမြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။ ဟေ့လူ - ခင်ဗျားကို ဘယ်သူတွေက
ဒီလိုချည်ထားတာလဲ တဲ့။
ငပျင်းကလည်း - ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကိုအတင်း
သူကြီးလုပ်ခိုင်းတယ်လေ။ မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာလာချည်ထားကြတာ။
အဲဒီလူကလည်း - နေရာချင်းသာလဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ဆိုတာ
အိမ်မက်တောင် မမက်ဖူးဘူး။
ငပျင်းကလည်း - တကယ်လား ၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်းလဲမယ်လေ။ ရွာသားတွေကို
အဲဒါတော့ အကြောင်းကြားရမယ် ဆိုပြီး အဲဒီလူကို သူ့နေရာမှာချည်ခဲ့ပြီး
သူကတော့ ကျွဲကိုလက်ကဆွဲ ရွာထဲကိုပြန်ဝင်သွားတယ်။
အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။
ရွာသားတွေကလည်း ငပျင်းကို မသေတဲ့အပြင် ကျွဲတစ်ကောင်နဲ့တွေ့ရပြန်တော့
အံ့သြကြပြီး မေးတာပေါ့။
ငပျင်းကလည်း - အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တစ်ခါမှ
ရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့အတူ ကျွဲတွေမျောလာတာ။
ချောင်းကကျယ်တော့ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကို
ရေနက်နက်မှာမချည်ခဲ့တော့ ဒီမျက်လုံးတစ်ဖက်လပ်နေတဲ့ကျွဲပဲရခဲ့တာပေါ့။
ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့မြှုံးမှာ
အချည်ခံကြတော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေအကုန်ပဲ။
ရေနက်လေကောင်းလေဆိုတော့ ငပျင်းက သူတို့ကို ချောင်းလည်မှာချည်ထားလိုက်တယ်။
မိန်းမတွေနဲ့ ကလေးတွေကတော့ ကမ်းပေါ်မှာစောင့်နေကြတယ်။
ဒီရေလည်းတက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ မျောပါသွားကြတယ်။
အစအနတောင်မမြင်ရတော့ဘူး။ ငပျင်းလည်း - လင်တွေပြန်အလာကိုစောင့်နေတဲ့
မိန်းမတွေဆီအော်ပြောလိုက်တယ်။
ကဲ ၊ ဦးနှောက်မရှိတဲ့သူတွေတော့ သွားကြပြီ။ နင်တို့တွေ
ဒီနေ့ကစပြီးငါ့မယားဖြစ်သွားကြပြီ။ ငါ့ကိုလုပ်ကျွေးပြုစုကြပေတော့ လို့ဆိုလိုက်သတဲ့။
ပုံပြင်လေးကဒီတွင်ပြီးဆုံးသွားပါ
သည်။
credit to orginel
▼
No comments:
Post a Comment