တစ်ခါက.. တောဘုရင်ခြင်္သေ့မင်းကြီးတစ်ကောင်ရှိပါသတဲ့..။
သူ့မှာ အလွန်ယုံကြည်စိတ်ချရပြီး တာဝန်ကျေတဲ့ လူယုံတော်တစ်ယောက်လည်းရှိတယ်။
သူကတော့ ရှဥ့်တစ်ကောင်ပဲဖြစ်တယ်။
ရှဥ့်ကလေးဟာ ခြင်္သေ့မင်းကြီးခိုင်းသမျှကို မညဉ်းမညူဆောင်ရွက်ပေးလေ့ရှိတယ်။
အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း.. မြန်မြန်ပြီးတဲ့အပြင် အမှားအယွင်းမရှိသလောက်လည်း နည်းပါးတာကြောင့် ခြင်္သေ့မင်းကြီးက အင်မတန်မှပဲသဘောကျတယ်..။
ဒါကြောင့်လည်းခြင်္သေ့မင်းကြီးက ရှဥ့်ကလေးကို ဆင့်ခေါ်လိုက်ပြီး ဒီလိုပြောတယ်..
"မင်းဟာ အင်မတန်တော်တဲ့ကျေးကျွန်တစ်ယောက်ဖြစ်တဲ့အတွက် ငါကိုယ်တော်အင်မတန် သဘောတော်ကျသကွဲ့..။ ဒါကြောင့်လည်း.. မောင်မင်း အသက်အရွယ်ကြီးရင့်လို့ အငြိမ်းစားယူတဲ့အခါမှာတော့.. လှည်းတစ်စီးတိုက်ရှိတဲ့ မက်မွန်သီးတွေကို ဆုတော်လာဘ်တော်အဖြစ် ဂုဏ်ပြုပေးမယ်လို့ ငါကိုယ်တော် ကတိထားပါတယ်"
လို့ပြောခဲ့တယ်။
ရှဥ့်ကလေးဟာ အရမ်းအံ့သြောဝမ်းသာသွားခဲ့ရတယ်..။ မက်မွန်သီးစေ့ဆိုတာက အခြားသာမန်ရှဥ့်တစ်ကောင်အတွက် တစ်သက်လုံးနေလို့မှ တစ်လုံးတစ်လေ ရဖို့တောင် ခက်ခဲမှာဖြစ်ပေမယ့် သူဟာ လှည်းတစ်စီးတိုက်ကြီးများတောင် ပိုင်ဆိုင်ရမယ့်အရေးကို တွေးပြီး ပြုံးပျော်လာခဲ့တယ်..။
ခြင်္သေ့ဘုရင်ကြီးဆီမှာ စစဦး တာဝန်ထမ်းဆောင်စဉ်ကတော့ အခြားသော ရှဥ့်တွေရဲ့ လွတ်လပ်တဲ့ ဘဝကို သူအားကျမိခဲ့တယ်။
သူလည်းပဲ အခြားသော ရှဥ့်တွေလို အပင်တွေပေါ်တက်လိုက် ဆင်းလိုက်နဲ့ ဆော့ကစား ပျော်မြူးချင်ခဲ့တယ်။
ဒါပေမယ့်လည်း ခြင်္သေ့ဘုရင်ကြီးဘေးနားက ထီးဟန်နန်းဟန်ပါပါနဲ့ နေရတဲ့ဘဝကိုလည်း ဂုဏ်သရေရှိတယ်လို့သူထင်ခဲ့တယ်။
နောက်ဆုံးမှာတော့ သာမန်ရှဥ့်တစ်ကောင်ထက် ပိုပြီးထူးခြားတဲ့ ဘုရင့်အပါးတော်မြဲအဖြစ်ကိုပဲ သူရွေးချယ်ခဲ့တာဖြစ်တယ်။
ခုတော့ ဂုဏ်ရှိတဲ့ ရာထူးကနေ အနားယူတဲ့အခါမှာလည်း.. အင်မတန်ကြီးမားတဲ့ဆုလာဘ်ကို သူရဦးမှာပဲဖြစ်တယ်။ ဒါကြောင့် ရှဥ့်ကလေးဟာ ပျော်နေခဲ့တယ်။
"တခြားရှဥ့်တွေက..ငါ့ကို မနာလိုဖြစ်တဲ့အထိ ငါချမ်းသာတော့မယ်"
လို့ သူတွေးနေခဲ့ပြန်တယ်။
အဲဒီလိုနဲ့ နှစ်ပေါင်းများစွာကုန်လွန်ခဲ့တယ်။ ရှဥ့်ကလေးဟာလည်း အိုမင်းမစွမ်းဖြစ်လာခဲ့တဲ့အတွက် ခြင်္သေ့ဘုရင်ကြီးရဲ့ အမှုတော်ကို အရင်ကလောက် မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းမရှိဘဲဖြစ်လာခဲ့တယ်။
ဒီအခါမှာတော့သူဟာ အငြိမ်းစားယူဖို့အတွက် ခြင်္သေ့မင်းကို လျှောက်တင်ခဲ့တယ်။ ခြင်္သေ့မင်းကြီးကလည်း သူ့ရဲ့ အပါးတော်မြဲရှဥ့်ကို ဂုဏ်ပြုညစာစားပွဲပြုလုပ်ပြီးဂုဏ်ပြုခဲ့တယ်။
သူ့ကတိစကားအတိုင်း မက်မွန်သီးကို လှည်းတစ်စီးတိုက်စာပေးခဲ့ပြန်တယ်။
ရှဥ့်ကလေးဟာ..သူအနှစ်နှစ်အလလ အိပ်မက်မက်ခဲ့တဲ့ ဆုလဒ် ဖြစ်တဲ့မက်မွန်သီးတွေကို ဝမ်းသာအားရပွေ့ဖက်ခဲ့တယ်။ ဒါပေမယ့်..တစ်စုံတစ်ခုကို သူသတိထားမိတဲ့အခါမှာတော့ သူဟာဝမ်းနည်းခြင်းနဲ့အတူမျက်ရည်ဝဲလာပြန်တယ်.... ခုချိန်မှာ မက်မွန်သီးတွေကို စားဖို့..သူ့မှာ သွားတစ်ချောင်းမှ မကျန်တဲ့အဖြစ်ကို သူသတိရသွားလို့ပဲဖြစ်တယ်။
ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်...။
ကျနော်တို့ဟာ တစ်ခါတစ်ရံမှာ ရည်မှန်းချက်တစ်ခုကို စွဲစွဲမြဲမြဲကြိုးစားတတ်ကြတယ်..။ အဲဒီအပြင်.. အလုပ်တစ်ခုကိုလည်းစွဲမြဲစွာ လုပ်ကိုင်တတ်ကြတယ်။
အဲဒီလို ရည်မှန်းချက်ထားလုပ်ကိုင်ဆောင်ရွက်ခြင်းဟာ မှန်ကန်တယ်လို့လည်း ယျေဘုယျအားဖြင့် သုံးသပ်နိုင်သေးတယ်။ အဲဒီလိုမှန်ကန်နေပေမယ့်လည်း..ခြွင်းချက်တစ်ခုလည်း ရှိနေပြန်တယ်။
အဲဒါကတော့ ရည်မှန်းချက်ပြည့်မြောက်ချိန်မှာရှိတဲ့ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အခြေအနေကို ထည့်သွင်းသုံးသပ်သင့်တာပဲဖြစ်တယ်။
တချို့သော ကြီးပွားချမ်းသာလိုသူများဟာလည်း ရှဥ့်ကလေးမက်မွန်သီးကို မျှော်လင့်သလိုမျိုး.. ချမ်းသာကြွယ်ဝခြင်းကိုမျှော်လင့်လေ့ရှိကြတယ်။
အဲဒီအခါ အခြားသူတွေရဲ့ အခါအားလျော်စွာ အနားယူခြင်းမျိုးကိုတောင်မျှ ပြုလုပ်လေ့မရှိကြဘဲ အရာရာကို ချိုးခြံချွေတာစွာ နေထိုင်တတ်ကြတယ်..။
အဲဒီလိုနေထိုင်ခြင်းဟာ ရောင့်ရဲခြင်းရှုဒေါင့်ဘက်က ရှုမြင်တဲ့အခါ မှန်ကန်ပေမယ့် အစားထိုးလို့မရတဲ့အချိန်ကာလကြောင့် အိုမင်းမစွမ်းဖြစ်လာခဲ့ရင်တော့.. ကိုယ့်ရဲ့ရှာဖွေ စုဆောင်းခြင်းတွေဟာ.. ကိုယ့်အတွက်ဖြစ်လာမှာမဟုတ်ဘူးလို့ဆိုပါတယ်။
ရှည့်ကလေးရဲ့သွားတွေဟာ အချိန်ကာလရဲ့တိုက်စားမှုအောက်မှာ ပျောက်ပျက်သွားခဲ့အခါ သူမက်မောတဲ့ မက်မွန်သီးရဲ့ အရသာကို ခံစားခွင့်မရှိတော့သလို.. စုဆောင်းခြင်းကြောင့်ရရှိလာတဲ့ ကြွယ်ဝမှုတွေဟာလည်း အိုမင်းခြင်းနဲ့ ကပ်လျက်ပါလာတဲ့ ကျန်းမာခြင်းအကြောင်းကြောင့်ပဲ.. အချဉ်းနှီးဖြစ်တတ်တယ်လို့ ဆိုရပါလိမ့်မယ်။
အောင်မြင်မှု့ဟာလည်း အရွယ်နှင့်အချိန်အကန့်အသတ်တော့ ရှိနေတတ်စမြဲဆို
တာ စာဖတ်သူမိတ်ဆွေများ သတိပြုမိစေလိုပါတယ် ခင်ဗျာ။
Credit: မူရင်း
No comments:
Post a Comment