Wednesday, August 12, 2020

စာဖတ်တတ်သော မြည်း

တစ်ခါက ဟွန်ဂျာ လို့အမည်ရှိတဲ့ ဖြတ်ထိုးဉာဏ်ကောင်းလွန်းသူတစ်ဦးရှိပါသတဲ့..။ သူဟာ ဉာဏ်ကောင်းလွန်းတာကြောင့်လည်း ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်၊ လမ်းပြနိုင်သူတစ်ဦးအဖြစ် ရပ်ရွာထဲက အသိအမှတ်ပြုထားကြတယ်။ တစ်ကြိမ်မှာတော့ ဟွန်ဂျာရဲ့ ဉာဏ်ကောင်းလွန်းတဲ့သတင်းဟာ သူတို့တိုင်းပြည်ရဲ့ ဘုရင်ကြီးနားထိတောင် ပေါက်ရောက်သွားတယ်။ အဲဒီအခါမှာတော့ ဘုရင်ကြီးဟာ သူ့ရဲ့ မင်းချင်းတွေကို ခေါ်ယူပြီး ဟွန်ဂျာကို သူ့ရှေ့ထံမှောက်အရောက်ခေါ်ဆောင်ခဲ့ဖို့မိန့်ကြားတယ်။ မင်းချင်းတွေလည်း ဘုရင့်အမိန့်နဲ့ ဟွန်ဂျာကို ခေါ်ဆောင်ပြီး ဘုရင်ကြီးရှေ့တော်မှောက်ကို အရောက်သွင်းခဲ့ပါသတဲ့။ အဲဒီလို သူ့ရှေ့ကို ရောက်လာတဲ့ ဟွန်ဂျာကို မြင်တဲ့အခါ ဘုရင်ကြီးက ဒီလိုပြောတယ်။

"မောင်မင်း၊ အသင်ဟာ အင်မတန်မှ ဉာဏ်ရည်ထက်မြက်သူဖြစ်ကြောင်း ငါကိုယ်တော်ကြားသိရတယ်။ ဟုတ်သလား"

အဲဒီလို ဘုရင်ကြီးရဲ့စကားကို ကြားတဲ့အခါ ဟွန်ဂျာက ဒီလိုစဉ်းစားတယ်..။ "အင်း..ဘုရင်ဆိုတာမျိုးက သူတို့ သဘောကျရင် ဆုတော်လာဘ်တော်တွေ ချီးမြှင့်တတ်ပေတာပဲ၊ ငါ့ကို အထင်ကြီးသဘောကျသွားရင် ငါဆုလာဘ် ရမှာပဲ ဒါကြောင့် ဘုရင်ကြီးအထင်ကြီးသွားအောင် ငါလျှောက်တင်မှပဲ" ။

ဟွန်ဂျာဟာ အဲဒီလိုတွေးပြီးတဲ့နောက် ဘုရင်ကြီးကို ဒီလိုတင်လျှောက်လိုက်တယ်..

"ဘုရင်မင်းမြတ်၊ ကျွန်တော်မျိုးကြီးဟာ အဘယ်မျှလောက် ဉာဏ်ပညာကြီးမားသလဲဆိုရင်၊ အင်မတန်နုံလှတဲ့ မြည်းသတ္တဝါကိုတောင် စာဖတ်တတ်လာအောင် သင်ပေးနိုင်ပါတယ်ဘုရား"

ဘုရင်ကြီးဟာ ဟွန်ဂျာရဲ့ လျှောက်တင်စကားကို ကြားတဲ့အခါ ပြုံးတော်မူပါသတဲ့။ အဲဒီလို ပြုံးတဲ့အပြင် "တော်တော် ဘဝင်မြင့်နေရှာတဲ့ ငမိုက်သားပဲ" လို့ တွေးတောမိပါသတဲ့။ အဲဒါကြောင့်လည်း ဘုရင်ကြီးကဒီလိုပြောတယ်

"ကောင်းလှပြီမောင်မင်း။ အသင်ဟာ သင့်စကားအတိုင်းပဲ မြည်းတစ်ကောင်ကို တစ်လအတွင်း စာဖတ်တတ်လာအောင် သင်ပြပေးရမယ်။ တကယ်လို့များ တစ်လလွန်မြောက်လို့ မြည်းဟာ စာမဖတ်တတ်လို့ကတော့ အသင့်လည်ပင်းဟာ ခေါင်းဖြတ်စက်အောက်မှာ တိခနဲ ပြတ်ရလိမ့်မယ်၊ မောင်မင်းစကားအတိုင်းစာဖတ်တတ်ခဲ့ရင်တော့..မောင်မင်းကို ထိုက်တန်တဲ့ဆုတော်လာဘ်တော်တွေနဲ့ ချီးမြှောက်မယ်လို့ ငါကိုယ်တော်ကတိပေးတယ် ကဲ..မောင်မင်းများ..ငါကိုယ်တော်ရဲ့ မြည်းတွေထဲက တစ်ကောင်ကို သူ့ကိုပေးလိုက်ကြ၊ နောက်တစ်လတိတိပြည့်တဲ့နေ့မှာ ဒင်းကို ငါ့ရှေ့တော် ပြန်လည်ခေါ်သွင်းလာကြစေဗျား"
ဘုရင်ကြီးဟာ အဲဒီလို အမိန့်ချမှတ်ပြီး အတွင်းဆောင်ကို ကြွမြန်းသွားတယ်။ အဲဒီအခါမှာတော့ ဟွန်ဂျာဟာ ကြောက်ရွံ့တဲ့စိတ်နဲ့ ပူပန်ပြီးကျန်ရစ်ခဲ့ပါသတဲ့..။ အဲဒီနောက်တော့သူဟာ ဘုရင်ကြီးပေးလိုက်တဲ့ မြည်းကို ဆွဲပြီး သူ့အိမ်ကို ပြန်သွားခဲ့ပါသတဲ့..။

အဲဒီလိုနဲ့တစ်လပြည့်မြောက်တဲ့အခါမှာတော့ ဟွန်ဂျာဟာ မြည်းကို ဆွဲပြီးဘုရင့်နန်းတော်ကို ပြန်ရောက်လာပြန်တယ်။ ဟွန်ဂျာရဲ့လက်ထဲမှာလည်း အင်မတန်ထူထဲလှတဲ့ စာအုပ်ကြီးတစ်အုပ်ကို ပွေ့ပိုက်ကာ ယူလာခဲ့ပြန်တယ်။ ဘုရင်ကြီးရှေ့ကို ရောက်တဲ့အခါမှာ ဟွန်ဂျာက

"အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့ဘုန်းတံခိုးတော်ကြောင့် အရှင်မင်းမြတ်ကြီးရဲ့ မြည်းဟာ အခြားသော မြည်းငနုံ၊ မြည်းငထိုင်းတွေထက် ပိုမိုပြီး ဉာဏ်ရည်ထက်မြက်ပါတယ်ဘုရား၊ အခြားမြည်းတွေဟာ စာတတ်ဖို့အတွက် သုံးလကြာမျှ သင်ကြားဖို့လိုပေမယ့်၊ အရှင်မင်းမြတ်ကြီးရဲ့မြည်းဟာ တစ်လနဲ့ စာတတ်မြောက်သွားပါတယ်ဘုရား၊  အရှင်မင်းတရားကြီးရဲ့မြည်းရဲ့ စာဖတ်စွမ်းရည်ကို ရှုစားတော်မူပါဘုရား"

အဲဒီနောက်မှာတော့ ဟွန်ဂျာဟာ မြည်းကိုဆွဲယူပြီး မြည်းရဲ့ရှေ့မှာစာအုပ်ကို ချထားလိုက်တယ်။ အဲဒီအခါမှာတော့ မြည်းဟာ စာအုပ်ကို နှုတ်သီးနဲ့ ထိုးဖွင့်လိုက်တယ်။ ပြီးတဲ့အခါ စာရွက်တစ်ရွက်ချင်းစီးကို လျှာနဲ့ပွတ်ဆွဲပြီး လှန်လှောပြန်တယ်။ တစ်ခုသော စာမျက်နှာကိုရောက်တဲ့အခါမှာတော့ မြည်းဟာ စာအုပ်ကိုကြည့်လိုက်၊ စာဖတ်တဲ့ဟန်ပန်နဲ့ အော်မြည်လိုက်လုပ်နေပါသတဲ့..။ အဲဒီလို မြည်းရဲ့စာဖတ်ခြင်းကို မြင်တဲ့အခါ ဘုရင်ကြီးက အင်မတန်အံ့သြသွားပါသတဲ့။ အင်မတန်အံ့သြလွန်းတဲ့အတွက်လည်း ဟွန်ဂျာကို ဒီလိုမေးပြန်တယ်..

"မောင်မင်းဟာ တကယ်ပဲ မြည်းလိုသတ္တဝါမျိုးကိုတောင် စာဖတ်နိုင်စွမ်းရှိလာအောင် သင်ပေးတတ်ပေတာပဲ..။ ဘယ်လိုနည်းနဲ့မြည်းကို စာဖတ်တတ်လာအောင် သင်ပေးလည်းဆိုတာ ငါကိုယ်တော်သိမြင်အောင် လျှောက်တင်စမ်းပါဦးပညာရှိကြီး"

အဲဒီလို ဘုရင်ကြီးကအမေးတော်ရှိတဲ့အခါ ဟွန်ဂျာက ဟန်ပါပါပြုံးလိုက်တယ်။ အဲဒီနောက်သူက ဒီလိုပြောတယ်

"လွယ်ပါတယ်မင်းကြီး။ ပထမ ရက် မြည်းကို အငတ်ထားရပါမယ်။ ဒုတိယရက်မှာ စာအုပ်တစ်အုပ်ကိုယူ မြည်းစားတဲ့ကောက်ရိုးကို ပထမစာမျက်နှာနဲ့ ဒုတိယစာမျက်နှာကြားမှာ ညှပ်ထားပြီး စာအုပ်ကို မြည်းကိုပေးရပါမယ်။ မြည်းက အစာဇောနဲ့ စာအုပ်ကိုဖွင့်ပြီး ကောက်ရိုးကို စားပါလိမ့်မယ်။ ဒုတိယနေ့မှာ တော့ တတိယစာမျက်နှာတဲ့ စတုတ္တစာမျက်နှာကြားမှာ ကောက်ရိုးထည့်၊ စာအုပ်ပိတ်ပြီးမြည်းကိုကျွေး၊ မြည်းက သူ့ဟာသူလှန်ပြီးစားပေါ့။ အဲဒီလိုနဲ့တစ်နေ့ချင်းစီ စာအုပ်ကို တရွက်စီတိုးတိုးပြီးလှန်၊ ကောက်ရိုးညှပ်နဲ့ လုပ်သွား။ ခုအရှင်မင်းကြီးရှေ့ရောက်တဲ့အခါ မြည်းက သူကောက်ရိုးတွေ့ရမယ့်နေရာမှာ မတွေ့လို့ ဝမ်းပမ်းတနည်း အော်ဟစ်နေတာပါဘုရား"

အဲဒီစကားကို ကြားတဲ့အခါ ဘုရင်ကြီးက အင်မတန်မှ သဘောကျတော်မူပါသတဲ့။ ဟွန်ဂျာကိုလည်း ရွှေငွေအမြောက်အများကို ဆုတော်လာဘ်တော်အဖြစ်  ဆုချလိုက်ပါသတဲ့..။

ကျွန်တော်တို့တွေဟာ ဟွန်ဂျာ မြည်းလိုလူတွေပဲဖြစ်ကြတယ်။ မြည်းဟာ စာအုပ်ရဲ့အစကနေ တစ်ရွက်ချင်းလှန်လှောပြီး ကောက်ရိုးရှာဖွေသလို ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးရဲ့ စာမျက်နှာတော်တော်များများဟာလည်း ကျောင်းတက်ခြင်း၊ ပညာသင်ခြင်းဆိုတဲ့ စာမျက်နှာတွေကို တစ်ရွက်ချင်းစီ လှန်ခဲ့ကြသူတွေပဲဖြစ်တယ်။ အဲဒီလို ဘဝရဲ့ သင်ကြားခြင်းစာမျက်နှာတွေကို တစ်ရွက်ချင်း လှန်ခဲ့ကြသူတွေဖြစ်ပါလျက် မြည်းရဲ့စာဖတ်တတ်ခြင်းမရှိတဲ့အဖြစ်လို ကျွန်တော်တို့တွေ ကျောင်းမှာသင်ခဲ့သမျှအရာတွေဟာလည်း စာအုပ်ထဲမှာသာချည်းကျန်ရစ်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ဘုရင်ကြီးရဲ့အမြင်မှာတော့ "စာဖတ်တတ်တဲ့မြည်းပဲ" လို့ ထင်နေသလို ကျွန်တော်တို့တွေဟာလည်း အသီးရရှိကြတဲ့ ဘွဲ့၊ ဒီဂရီအသီးသီးနဲ့ "ပညာတတ်ကလေးပဲ" ဆိုတဲ့ မှတ်ချက်စကားကို ရရှိကြသူများပဲဖြစ်တယ်။

တစ်ကယ်တမ်းမှာတော့ ကျွန်တော်တို့ဟာ မြည်းရဲ့ ကောက်ရိုးရှာဖွေခြင်းနဲ့တူတဲ့ ပညာသင်ကြားခြင်းစာရွက်တွေကို လှန်လှောလို့၊ ပညာရပ်ကိုအားကိုးပြီး အသက်မွေးခြင်းအမှုကို ရှာဖွေကြသူချည်းဖြစ်တယ်။ အဲဒီလိုရှာဖွေနေကြမေယ့်လည်း တကယ်တမ်းတော့ ကျွန်တော်တို့ဟာ ကြက်တူရွေးနှုတ်တိုက်မှတ်သားခြင်းလို အလွတ်ကျက်မှတ်၊ အလွတ်ပြန်ရေးတာကလွဲရင် သင်ကြားခဲ့သမျှ အရာတွေကို တကယ်တမ်းမတတ်မြောက်သူတွေပဲဖြစ်တယ်။ ဓါတုဗေဒဘွဲ့ရသူဟာ ယားနာလိမ်းဆေးကိုမျှ မလုပ်တတ်သလို၊ ရူပဗေဒနဲ့ဘွဲ့ရသူတွေဟာလည်း စက်ဘီးတစ်စီးကိုသော်မျှ ကိုယ်တိုင်မတည်ဆောက်နိုင်ကြသူတွေပဲဖြစ်လာကြပြန်တယ်။ မိမိသင်ကြားခဲ့တဲ့ ပညာရပ်အစား အခြားသော ကြုံရကျပန်းအလုပ်အကိုင်တွေနဲ့သာ အသက်မွေးသူများဖြစ်လာကြပြန်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ ပညာတတ်လူငယ်တွေဟာလည်း အခြားသောနိုင်ငံတွေကို သွားရောက်ပြီး အောက်ခြေသိမ်းအလုပ်တွေကိုသာ လုပ်ကိုင်နေကြရပြန်တယ်။
ကျွန်တော်တို့လို မြည်းစာတတ်တွေများလာတဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့အမိနိုင်ငံတော်ကြီးဟာ ခေတ်နောက်ကျခြင်း၊ အသိဉာဏ်နောက်ကျခြင်း၊ မိမိမြေက သယံဇာတကိုသော်မှ ကိုယ်တိုင်မထုတ်ယူတတ်ခြင်း စတဲ့ မပြည့်ဝခြင်းပေါင်းများစွာနဲ့ပြည့်နှက်ခဲ့ရတာပဲဖြစ်တယ်။

တစ်ကယ်တမ်းမှာတော့ ကျွန်တော်တို့ဟာ မိမိတို့ရဲ့ မတတ်မြောက်ခြင်းကို အမှန်အတိုင်းသုံးသပ်ဖို့လိုမှာပဲဖြစ်တယ်။

Knowing yourself is the beginning of all wisdom.
မိမိကိုယ်ကိုယ် (အမှန်အတိုင်း) သိမြင်ခြင်းသည်သာ ဉာဏ်ပညာရဲ့အစပဲဖြစ်တယ်ဆိုတဲ့ အရစ္စတိုတယ်ရဲ့စကားအတိုင်း မိမိတို့ရဲ့မတတ်မြောက်ခြင်းတွေကို အနာဂတ်မျိုးဆက်သစ်တွေဆီ လက်မကမ်းမိဖို့ ဆင်ခြင်သင့်လှတယ်။
မိမိတို့ အနာဂတ်မျိုးဆက်သစ်တွေဟာ အမှန်တကယ်တတ်မြောက်သူတွေ၊ အမှန်တကယ်စွမ်းဆောင်နိုင်သူတွေအဖြစ် မြေထောင်မြှောက်ပေးမှသာ အများနဲ့တန်းတူယှဉ်နိုင်တဲ့ နိုင်ငံဘဝကို ရောက်ရလိမ့်မယ်လို့ဆိုချင်တယ်။

A man without education is like a building without foundation.
Mnl
ပညာမရှိတဲ့လူသားဟာ အုတ်မြစ်မရှိတဲ့အဆောက်အအုံနဲ့တူတယ်။ တကယ်တော့ အမှန်တကယ်မတတ်မြောက်သူတွေသာများနေတဲ့ ကျွန်တော်တို့အမိမြန်မာပြည်ဟာလည်း အုတ်မြစ်မရှိသော၊ အခြေမခိုင်သော နိုင်ငံတစ်ခုသာဖြစ်နေမှာအသေအချာပဲဖြစ်တယ်။ ကျွန်တော်တို့တွေဟာလည်း အဲဒီအချက်ကို ထောက်ရှုြ့ပီး အမှန်တကယ်တတ်မြောက်ခြင်းကို ဦးတည်ပြောင်းလည်းကြမှသာ အုတ်မြစ်ကောင်းသော၊ အခြေခံကောင်းသော၊ တောင့်တင်းခိုင်မာသော အမိမြန်ပြည်ကြီးကို ရရှိပိုင်ဆိုင်ကြရမှာဖြစ်တယ်..။

အမှန်တကယ်တတ်မြောက်သော ပညာရေးစနစ်ထွန်းကားပါစေကြောင်း စေတနာကောင်းဖြင့်။

Credit ပြည်မြန်မာ ပုံပြင်စာအုပ်


No comments:

Post a Comment