တစ်ခါတုန်းက အသီးပင် ကြီးကြီး တစ်ပင်ရှိတယ်။ ကောင်လေးတစ်ယောက်ဟာ နေ့တိုင်းပဲ သစ်ပင်ကြီးရဲ့ အောက်မှာ ဆော့ကစားပါတယ်။ သူအပင်ပေါ်က အသီးကို ခူးစားတယ်။ သစ်ရိပ်ခိုပြီး အိပ်စက်တယ်။ အပင်ပေါ်တက်ဆော့ကစားပါတယ်။ အပင်ကြီးက သူ့ကိုအရမ်းချစ်သလို သူကလည်း အပင်ကြီးကို အရမ်းချစ်ရှာပါတယ်။
ဒီလိုနဲ့ ကောင်ကလေး တဖြည်းဖြည်း ကြီးလာပါတယ်။ သူအပင်ကြီးနား သိပ်မကပ်တော့ပါဘူး၊ အပင်ကြီးက တအားဝမ်းနည်းသွားတယ်။ သူ့နားမှာ လာကစားဖို့အကြိမ်ကြိမ် ပြောပါတယ်။ ကောင်လေးက ပြန်ပြောလိုက်ပါတယ်။ “ကျနော်နည်းနည်းကြီးလာပြီ ၊ နေ့တိုင်းအဲလို မကစား ချင်တော့ဘူး၊ ကျနော်အရုပ်လိုချင်တယ်။ ” အပင်ကြီးကပြောတယ် “ အဲဒါလွယ်ပါတယ်။ ငါ့အပေါ်အသီးတွေကို ခူးလိုက်၊ ပြီးရင်ဈေးထဲမှာသွားရောင်းပါ။ ပြီးရင်အရုပ်ကိုသွားဝယ်ချီ ”
ကောင်းလေးအရမ်းပျော်သွားပါတယ်။ အသီးကိုခူးလိုက်တယ်။ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားပါတယ်။ ရက်တွေတော်တော် ကြာသွားပါတယ်။ ကောင်လေးပေါ်မလာတော့ပါဘူး၊ အပင်ကြီး တော်တော်စိတ်မကောင်းဖြစ်သွားတယ်။
တစ်နေ့ကျတော့ ကောင်ကလေးပြန်လာပါတယ်။ အပင်ကြီးတော်တော်ပျော်သွားတယ်။ သူနဲ့ဆော့ကစားဖို့ ကောင်လေးကို ခေါ်ပါတယ်။ ကောင်လေးက ပြောပါတယ်။ “ကစားလို့မရဘူးလေ၊ ကျနော်အိမ်အတွက် အလုပ်လုပ်ရအုန်းမှာ၊ ကျနော်နေဖို့ အိမ်တစ်လုံးဆောက်စရာရှိတယ်။ ကျနော့ကို ကူညီနိုင်မလား ” သစ်ပင်ကြီးကပြောပါတယ်။ “ဒီလိုလုပ်ပါလား၊ ငါ့အပေါ်က အကိုင်းတွေကို အားလုံးခုတ်သွားလိုက်၊ အိမ်ဆောက်လို့ ရ ပြီလေ”တဲ့၊ ကောင်လေးဟာ အကိုင်းအားလုံးကို ခုတ်ပြီး သူလိုချင်တဲ့အိမ်ကို သွားဆောက်ပါတယ်။ ကောင်ကလေး ပျောက်သွားပြန်တယ်။ အပင်ကြီး တော်တော်ဝမ်းနည်းသွားပါတယ်။
တစ်ခုသောမိုးရွာသီမှာ ကောင်ကလေးပြန်လာပါတယ်။ အပင်ကြီးတော်တော်ပျော်သွားပြန်တယ်။ “ဒီတစ်ခါတော့ မင်းငါ့ဆီကို တကယ်ပြန်လာပြီပေါ့”၊ ကောင်ကလေးက ပြန်ဖြေပါတယ်။ “ မဟုတ်သေးပါဘူး၊ ငါအသက်ကြီးလာပြီလေ၊ ခရီးသွားဖို့ ရွက်လှေတစ်စင်းလိုတယ်။ အကူအညီလာတောင်းတာ” အပင်ကြီးက “ဘာတတ်နိုင်မလဲ၊ မင်းလိုချင်မှတော့ ငါ့ ပင်စည်ကြီးကို ခုတ်သွားလေ၊ အဲဒါကိုသုံးပြီး ရွက်လှေတစ်စင်းထွင်းလိုက်၊ ” ကောင်ကလေး အပင်ကြီးရဲ့ ပင်စည်ကို သဘောႍလုပ်ဖို့ ခုတ်ယူသွားပါတယ်။ ဒီတစ်ခါ အကြာကြီး ပျောက်ဆုံးသွားပြန်တယ်။ အပင်ကြီး က ကောင်ကလေးကို မျော်ရင်းမျော်ရင်းနဲ့ တော်တော် ဆွေးမြည့်ရှာပါတယ်။
နှစ်ပေါင်းများစွာ ကြာသွားပါတယ်။ ကောင်းကလေးပေါ်လာပြန်တယ်။ အပင်ကြီးက ပြောတယ်။
“ ဒီတစ်ခါ ငါမင်းကို ဘာမှပေးစရာ မရှိတော့ဘူး၊ ငါ့ မှာ အသီးမရှိတော့ဘူး”
“ကျနော့မှာ ဝါးဖို့သွားလည်းမရှိတော့ပါဘူး၊ ကျနော်အသက်အရွယ်ရလာပြီလေ၊ ”
“ မင်းအပင်ပေါ် တက်ကစားနိုင်ဖို့ ငါ့မှာ အကိုင်လည်းမရှိတော့ဘူး၊ ပင်စည်လည်းမရှိတော့ဘူး၊ မင်းကိုပေးစရာ ငါ့မှာဘာဆိုဘာမှ မရှိတော့ဘူး ” သစ်ပင်ကြီးက မျက်ရည်ကျပြီး ပြောရှာပါတယ်။
“ ကျနော်လည်း မောပါပြီ၊ အပင်တက်ဖို့လည်း အားမရှိတော့ပါဘူး၊ အခုဘာမှ မလိုချင်တော့ဘူး၊ ကောင်းကောင်းပဲ အနားယူချင်တယ်။ ”
“ အို သိပ်ကောင်းတာပေါ့၊ သစ်ငုတ်တိုဟာ ထိုင်ပြီးအနားယူဖို့ အကောင်းဆုံးနေရာပဲ၊ လာလာ ငါ့အပေါ်မှာထိုင်ပါ။ အတူတကွ အနားယူလို့ ရပြီပေါ့ ” သစ်ပင်ကြီးက ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။ အဲဒါ သင်နဲ့ ကျနော်တို့တွေရဲ့ ပုံပြင်ပါ ။ အပင်ကြီးက ကျနော်တို့ရဲ့ မိဘလေ၊ ငယ်ငယ်တုန်းက သူတို့အနားမှာရှိတယ်။ နည်းနည်းကြီးလာတော့ သူတို့ကို ခွဲခွာသွားတယ်။ အခက်အခဲ ရှိတိုင်းသူတို့ဆီပြန်သွားတယ်။ မိဘက တတ်နိုင်သရွေ့ ကူညီဖြေရှင်းပေးတယ်။
မိဘဆိုတာ သားသမီး ပျော်ရွှင်ဖို့အတွက် သူတို့မှာ ပေးဆပ်ဖို့ အမြဲ အဆင်သင့်ဖြစ်နေတတ်ပါတယ်။
ဒီပုံပြင်လေးထဲမှာ ကောင်လေးကို ရက်စက်တယ်လို့ သင်ထင်မြင်ယူဆ ခဲ့ရင် မိဘများပျော်ရွှင်အောင် သူတို့ကို များများအချိန်ပေးပါ။ မိဘနဲ့ အတူနေရတဲ့ အချိန်ကို တန်ဖိုးထားပါ။ ကျနော်ကိုယ်တိုင်လည်း ကြိုးစားလိုက်ပါအုန်းမယ်။
Credit: မူရင်း
No comments:
Post a Comment