မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သော သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်းရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။
ငတက်ပြားသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ ရွေးချယ်ကာ ပစ္စည်းများကို သင့်တင့်ရုံုခိုး၍ စားသောက်နေထိုင်လေ့ရှိသည်။
အခိုးခံရသူများသည် ငတက်ပြားကို ဖမ်းမည့်အကြံဖြင့် နည်းအမျိုးမျိုးသုံးကာ ထောင်ချောက်ဆင်ဖမ်းရန်ကြိုးပမ်းသော် မရချေ။ နောက်ဆုံး၌ အခိုးခံရသော သူဌေးသူကြွယ်များက မင်းကြီးထံသွားရောက်ကာ သူခိုးကိုဖမ်းပေးရန် အသနားခံ၏။ မင်းကြီးလည်း သူခိုးဖမ်းရန်စေလွှတ်သော် မှူးမတ်အရာများသည်ပင်လျှင် ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။
တစ်နေ့၌ သူခိုးကြီးငတက်ပြားသည် ‘‘ ငါ့ကို အရှင်မင်းမြတ် သတိုးမင်းဖျားရရင်သာသတ်ရအံ့ .. မရသော် အဘယ်သူဝံ့အံ့နည်း .. ’’ ကြုံးဝါးလေ၏။ ထိုစကားကို သတိုးမင်းဖျားကြားသော် လှည့်ဖြားဖမ်းအံ့ဟု ညဥ့်အခါ နန်းတော်ကဆင်း၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြားအလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကျလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ရောက်သော် လှေပေါ်ကနေလျက် ‘‘ ဟေ့ ကုန်းပေါ်က ဘယ်သူလဲ..
’’ ဟုမေးရာ ‘‘ ငါ ညဥ့်လူဟေ့.. ’’ ဟု သတိုးမင်းဖျားက ပြန်ပြော၏။
ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက ‘‘ ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည် .. ’’ ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ တပည့်အဖြစ်လက်ခံပြီး မြို့ထဲသို့ဝင်ကြ၏။ အတားအဆီး၊ ခြံစည်းရိုးစသည်တို့ကို ငတက်ပြား ခုန်လျှင် သတိုးမင်းဖျားလည်း လိုက်ခုန်၏။ ငတက်ပြား ပြေးလျှင်လည်း ထပ်ကြပ်မကွာ လိုက်ပြေးနိုင်၏။ သူ့အရည်အချင်းကို မီသူဖြစ်၍ ငတက်ပြား သဘောကျသွားခဲ့သည်။ ခိုးတဲ့နေရာမှာတော့ မင်းအရည်အချင်းက မသေးဘူးပဲဟု ငတက်ပြားက ချီးမွမ်းသည်။
“ နန်းတော်သို့ဝင်၍ ဘုရင့်ပစ္စည်းများ ခိုးကြရအောင် .. ” ဟု သတိုးမင်းဖျားက တိုင်ပင်သောအခါ ငတက်ပြားသည် “ ငါ့တပည့်၊ ငါတို့က မရှိလို့ ခိုးစားသည်မှန်သော်လည်း ဘုရင့်ပစ္စည်းကိုတော့ မခိုးသင့် .. ဘုရင့်ပစ္စည်းဟု ဆိုသော်လည်း တိုင်းပြည်အရေးကြုံရင် ပြည်သူတွေအတွက် အသုံးပြုရန် ဘုရင်က ခေတ္တခဏ သူ့ဆီမှာသိမ်းထားတဲ့ သဘောဖြစ်တယ် .. ဘုရင့်ပစ္စည်းဟာ တိုင်းပြည်ပစ္စည်းဖြစ်တယ် .. မခိုးချင်စမ်းပါနဲ့ .. ဘယ်တော့မှ မခိုးလေနဲ့.. ” ဟု တပည့်ဖြစ်သူကို ဆုံးမလေသည်။ သတိုးမင်းဖျားသည် ငတက်ပြားကို အမှန်ပင် သဘောကျသွားသည်။ မှူးတော် မတ်တော်များ၏အိမ်အတွင်းသို့ဝင်ရောက်၍ ပုတီး၊နားထောင်း၊ လက်စွပ် များကို ခိုးယူပြီးနောက် မြို့တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာကြသည်။
သတိုးမင်းဖျားသည် ငတက်ပြားကို အရက်ကြိုက်မှန်းသိသော် ဖြားယောင်း၍ အရက်မူးအောင်တိုက်လေသည်။ ထို့နောက် ခြေချင်းခတ်၍ မီးသွေးတိုက်ထဲတွင် သော့ခတ်ထားခဲ့လေသည်။ နံနက်ခင်းတွင် ပစ္စည်းပျောက်ကြောင်း သိသော် အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်၏။ သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။
သတိုးမင်းဖျားက “ နင်တို့သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဥ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ .. ” ဟု စေလိုက်သည်။ ရှေ့တော်မှောက် ငတက်ပြားရောက်သော် မင်းကြီးလည်း “ နင့်ကို ငါမိပြီ .. ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင်တွေထဲက အဘယ်ကို အလိုရှိသလဲ.. ” ဟု မေးတော်မူ၏။ ငတက်ပြားလည်း “ အရှင်မင်းကြီး အကျွန်ုပ်ကိုမိပြီ .. အလိုရှိသလို သတ်တော်မူပါ .. အကျွန်ုပ်အလိုကို လျှောက်တော်မူရရင် အရှင်မင်းမြတ်ရဲ့မိဖုရား စောဥမ္မာကို အလိုရှိတယ် .. ” ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ထား၏။
ထိုစကားကိုကြားသော် ငတက်ပြား၏ရဲဝံ့မှုကိုကြည့်၍ သည်လိုသတ္တိရှိသည့် ယောကျ်ားတစ်ယောက်ကို အကြောင်းမဲ့မသတ်ကောင်းဟု တွေးကာ မသတ်ဘဲ အမှုတော်ထမ်းစေဟု အမိန့်ချလေ၏။ နောင်တွင် တောင် တွင်းမြို့စားပုန်ကန်သော် ငတက်ပြား၏အကူအညီဖြင့် အဓိကရုဏ်းငြိမ်းခဲ့သည်။
သတိုးမင်းဖျားသည် ငတက်ပြားကို ရွှေတိုက်စိုးရာထူးပေးပြီး ဘုရင့်ဘဏ္ဍာတော်များကို ထိန်းသိမ်းစောင့်ရှောက်စေသည်။ ဘုရင်လည်း ငတက်ပြားကို သဘောကျမြတ်နိုးသည့်အလျောက် ငတက်ပြားသည် သစ္စာရှိရှိ အမှုထမ်းလေသည်။
ထိုရာထူးတာဝန်ကို ထမ်းဆောင်ရသည်နှင့်တပြိုင်နက် သူ၏ သူခိုးဗီဇကိုဖျောက်ကာ သူခိုးတစ်ယောက်ဘဝကို အပြီးအပိုင်စွန့်လွှတ်ခဲ့လေသည်။
ဇာတ်လမ်းလေးကို ဒီမှာ အဆုံးသတ်ခွင့်ပြုပါခင်ဗျာ …
သူခိုးကြီးငတက်ပြားဇာတ်လမ်းဟာ အင်းဝခေတ်တွင် အမှန်တကယ်ရှိခဲ့ကြောင်းကို မှန်နန်းရာဇဝင်တွင် ဖော်ပြထားပါတယ်။
သူ ရဲ့သူခိုးသမိုင်းတလျှောက်တွင် ဆင်းရဲသားတွေဆီက ခိုးယူတာမျိုး လုံးဝမရှိခဲ့သလို ၊ သူ့နေထိုင်ရာအရပ်ဒေသမှာလည်း မခိုးဘူးဟု ဆိုထားပါတယ်။
သူခိုးကြီး ငတက်ပြားတည်ခဲ့တဲ့ ‘‘ မရှိခဏ ’’ ဘုရားစေတီကို လက်ရှိချိန်ထိ စစ်ကိုင်းတောင်အတက်မှာ ဖူးမြော်နိုင်ပါတယ်။
သူ ဘုရားတည်စဉ်က ငွေပျက်သွားရင် ခဏသာဖြစ်ခဲ့ပြီး ပစ္စည်းသွားခိုးလိုက်ရင် ခဏလေးနဲ့ငွေရရှိခဲ့တာဖြစ်တဲ့အတွက် ‘‘ မရှိခဏ ’’ ဟု အမည်တွင်ခဲ့တာဖြစ်ပါတယ်။
Credit: မူရင်း
No comments:
Post a Comment