Wednesday, August 12, 2020

ပျော်ရွှင်မူ့ရဲ့အဓိပ္ပါယ်

တခါတုန်းက ပိုက်ဆံအရမ်းချမ်းသာတဲ့
သူဌေးကြီးတစ်ယောက်ရှိတယ်
သူဘာလိုချင်လဲ၊
လိုချင်တဲ့အရာမှန်သမျှ
ဘာမှမစဉ်းစားဘဲ ဝယ်လိုက်နိုင်တယ်။

ဒါပေမယ့်
သူ့ကိုယ်သူ ဘာလိုအပ်နေလဲမသိဘူး၊
တစ်ခုခုလိုအပ်နေသလိုခံစားနေရတယ်၊
ဘယ်လိုနေနေ လူ့ဘဝကြီးက
ပျော်စရာမကောင်းဘူး၊

ဒါနဲ့ပဲ သူ အကြံတစ်ခုရသွားတယ်၊

အိမ်မှာရှိသမျှ
အဖိုးတန်ရွှေငွေရတနာတွေအားလုံးကို
အထုပ်ကြီးတစ်ထုပ် ထုပ်ပြီး
အရပ်လေးမျက်နှာကို စတင်ထွက်ခွာလာတယ်၊

သူဆုံးဖြတ်ထားတာ
သူ့ကို ပျော်ရွှင်စေနိုင်တဲ့
နည်းလမ်းပြောပြနိုင်တဲ့သူကို
ဒီရတနာထုပ်ကြီးပေးမယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့ပေ့ါ၊

ရွာရိုးကိုးပေါက်
သူတွေ့သမျှလူတိုင်းကို လိုက်မေးခဲ့တယ်၊

ဒါပေမယ့် ဘယ်သူမှမဖြေနိုင်ဘူး၊

တစ်နေ့ကျတော့
လမ်းမှာတွေ့တဲ့ ရွာသားတစ်ဦးက
သူ့ကိုုအကြံပေးလိုက်တယ်၊

“ ရွာစပ်နားက ရသေ့အဘိုးအိုကြီးဆီမှာ
သွားမေးကြည့်ကြည့်ပေါ့၊
တကယ်လို့ သူမှ မပြောပြနိုင်ရင်
ခင်ဗျား ဒီ့ထက်ခြေတိုအောင်လျှောက်လည်း
ဘယ်သူမှဖြေနိုင်မှာမဟုတ်တော့ဘူး”လို့
ပြောလိုက်တယ်၊

ဒီလိုနဲ့ ကွပ်ပျစ်အထက်မှာ
မျက်လုံးမှိတ်ပြီး တရားကျင့်နေတဲ့
ရသေ့ကြီးရှေ့ကို သူဌေးကြီးတစ်ယောက်
ယောင်နနနဲ့ ရောက်လာလေသည်၊
ပြီးနောက် တည်ငြိမ်သောလေသံဖြင့်
ရသေ့ကြီးကို တစ်လုံးချင်းဆီမေးလိုက်သည်၊

“ ကျနော် တစ်သက်လုံးရှာဖွေထားတဲ့
စည်းစိမ်ဥစ္စာတွေ
ဒီအထုပ်ကြီးထဲမှာထည့်ထားပါတယ်၊
တကယ်လို့ ကျနော့်ကို
လူ့ဘဝရဲ့ ပျော်ရွှင်မှုအဓိပ္ဗါယ်ကို
ပြောပြနိုင်ရင် အသင်ရသေ့ကြီးကို
ဒီရတနာထုပ်ကြီးလှူဒါန်းပါ့မယ်” လို့
ပြောလိုက်တယ်

အပြင်မှာ မိုးလည်းအတော်ကြီးကို မှောင်နေပြီ။

ရသေ့ကြီးက ထိုင်ရာမှထလာပြီး
သူဌေးကြီးအရှေ့မှာချထားတဲ့
ရတနာထုပ်ကြီးကို မ,ကာ
အလစ်သုတ်ပြေးလေသည်။

သူဌေးကြီးက စိတ်လည်းလော၊
အော်လည်းအော်၊
ငိုလည်းငိုပြီး
ရသေ့ကြီးအနောက်မှ
ထပ်ကြပ်မကွာလိုက်လေသည်။

ပါးစပ်မှလည်း

“ သူခိုးဗျို့.. သူခိုး..
ကျနော့်ရတနာထုပ်ကြီးကို ယူပြေးသွားပြီ..
လုပ်ကြပါဦး …  ” လို့
တတွတ်တွတ်အော်ကာလိုက်လေသည်။

တခဏအတွင်း နယ်ခံလည်းဖြစ်၊
လမ်းလည်းပိုကျွမ်းသော ရသေ့ကြီးက
သူဌေးကြီးကို မျက်ခြေဖြတ်လိုက်နိုင်သည်။

သူဌေးကြီးက
အနောက်မှာ အော်ငိုရင်း
“ သွားပြီ၊ ငါ အလိမ်ခံသွားရပြီ၊
တစ်သက်လုံးရှာထားသမှျှ ဖွေထားသမျှတွေ
ဒီလိုနဲ့ အလကားလူယုတ်မာလက်ထဲရောက်သွား
ရပြီ ” လို့
ညည်းတွားရင်း ကျန်ခဲ့သည်။

သိပ်မကြာလိုက်ဘူး၊

ရသေ့ကြီးက ပြန်လှည့်လာပြီး
ရတနာထုပ်ကြီးကို သူဌေးကြီးအရှေ့ကို
ပစ်ချလိုက်သည်။

သူူဌေးကြီးက ဝမ်းသာရင်း
ရတနာထုပ်ကြီးကို ပွေ့ကာ …
"ဟာ.. ငါ့ရတနာလေးတွေ….
တော်သေးလို့ပေ့ါ… ကွာ. ”
ဟုပြောဆိုလေသည်

ထိုအခါ ရသေ့ကြီးက သူ့ကိုမေးသည်၊

“မင်းအခု ပျော်ရွှင်မှုကို ခံစားမိလား.. ”

“ အင်း.. ခံစားမိတယ်၊
ကျနော်အခု အရမ်းပဲပျော်နေတယ် .” လို့
သူဌေးကြီးက ပြန်ဖြေသည်၊

ရသေ့ကြီးက
တဟားဟားရယ်ပြီးဆက်ပြောတယ်၊

“ ဒါဘာအထူးအဆန်းကြီးမှ မဟုတ်ဘူး၊လူတွေဟာ
သူတို့လက်ဝယ်ပိုင်ဆိုင်နေတဲ့အရာကို
စိတ်ထဲမှာ ဘာမှမဟုတ်ဘူးလို့
ထင်မှတ်ထားကြတယ် ၊
ဒါနဲ့ပဲ ပျော်ရွှင်တယ်လို့ မခံစားရဘူး၊
ဒါပေမယ့်
တစ်ကြိမ်လေးဆုံးရှုံးမိတာနဲ့တပြိုင်နက်
အရင်က ကိုယ်ပိုင်ဆိုင်ဖူးတဲ့အရာဟာ
ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ
အလိုလို နားလည်သွားကြတယ်၊ 

တကယ်တော့ မင်းစောနက
ငါ့ကိုပေးမယ်လို့ပြောတဲ့အထုပ်နဲ့
မင်းခုနဆုံးရှုံးသွားတဲ့အထုပ်ရယ်
အခုမင်းရင်ထဲမှာပွေ့ထားတဲ့အထုပ်သုံးထုပ်က
တစ်ထုပ်ထဲပဲလေ…
မင်းငါ့ကို အဲဒီအထုပ်ပေးမယ်လို့
ပြောထားတာလေ..

ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ
အကြိမ်ကြိမ်တမ်းတလို့ မဆုံးဘူး၊
ကိုယ့်လက်ထဲရောက်သွားတာနဲ့
ဘာမှမဟုတ်ဘူးလို့ ပြန်မြင်သွားတယ်၊
ရှိတယ်လို့တောင် မထင်ဘူး၊
ပိုင်ဆိုင်နေတာကိုပြန်မေ့သွားတယ်၊

လူတွေဟာ
ဆုံးရှုံးသွားတဲ့ပစ္စည်းကိုဂရုစိုက်ပြီး
ကိုယ်တကယ်ပိုင်ဆိုင်နေတဲ့အရာကို
တန်ဖိုးမထားဘူး၊
ဒီ့အပြင် မပိုင်ဆိုင်သေးတာကို
မျှော်တွေးပြီး
မပိုင်ဆိုင်မိမှာစိုးရိမ်ပူပန်နေကြသေးတယ်…
အခုလက်ရှိကိုယ်ဟာ
ဘယ်လောက်တောင်
ကံကောင်းနေသလဲဆိုတာကို
ကိုယ့်ကိုယ်ကိုမသိတတ်ကြဘူး၊

ဆုံးရှုံးသွားမှ နောင်တရတာ
တန်ဖိုးထားတတ်တယ်မှမခေါ်ထိုက်တာ၊

မရသေးခင်လိုချင်တာပါ
တကယ်လိုအပ်တာမှမဟုတ်တာ” ဟုဆိုကာ
လှည့်ထွက်သွားလေတော့တယ်။

Credit: မူရင်း


No comments:

Post a Comment