ကြွက်ကလေးတစ်ကောင်
အရမ်းပျော်နေပါတယ်။
သူပျော်ရွှင်ရတဲ့ အကြောင်းအရင်းက သိပ်ကို ရိုးရှင်းပါတယ်။
နေ့တိုင်း ဒီကြွက်ကလေးဆီကနေ ပျော်ရွှင်မြူးတူးစွာ ပြောလိုက်တဲ့ ကြားနေကျစကားလေးတစ်ခွန်း ရှိပါတယ်။
" ငါ့မှာ နေမင်းကြီးတစ်စင်း ပိုင်ဆိုင်ထားတယ်" ဆိုတာပါပဲ။
တွေ့သမျှ တခြားအကောင်လေးတွေကိုလည်း ဒီကြွက်ကလေးက နေမင်းကြီးက ဘယ်လောက် အဖိုးတန်ကြောင်း၊ အပင်တွေအတွက် ဘယ်လောက်တောင် အရေးပါကြောင်း၊ သူ့ကြောင့်သာ အနွေးဓာတ်တွေ အလင်းရောင်တွေ ရတာဖြစ်ကြောင်းနဲ့ သူမရှိရင် မဖြစ်တော့တဲ့အကြောင်းတွေ တဖွဖွပြောလွန်းလို့ သူ့ကို အမြင်ကတ်သလိုတောင် ရှိနေပါပြီ။
ဒီကောင်းကင်ပေါ်မှာ ရှိနေတဲ့ နေမင်းကို သူပိုင်ပါတယ်ပြောပြီး အမွှန်းတင်ချီးကျူးနေတဲ့သူ့ကို အားလုံးက ရူးနေတယ်လို့ပဲ မြင်ကြပါတယ်။
ဒီတော့ ကြည့်မရလို့ ဝင်ပြောတဲ့သူတွေကလည်း ဝင်ပြောကြပါတယ်။
နေမင်းကြီးတန်ဘိုးရှိတာ မဆန်းပါဘူး ။ ဒါပေမယ့် မင်းပိုင်တာမဟုတ်တာကို မင်းအပိုင်ဆိုတာ မင်းက အရူးပဲဆိုပြီး ဝိုင်းအပြစ်တင်ကြပါတယ်။
ဒီလိုပြောလည်း ကြွက်ကလေးက မမှုပါဘူး ပျော်မြဲပျော်ဆဲပါပဲ ဘယ်သူတွေဘယ်လောက်ပြောပြော နေမင်းကြီးက သူပိုင်တယ်ဆိုတာချည်းပါပဲ။ ဘယ်သူပိုင်တယ် မပိုင်ဘူးဆိုတာ စိတ်မဝင်စားပါဘူး။ နေမင်းကြီးကို ဘယ်သူတန်ဘိုးထားထားမထားထား သူ့အလုပ်မဟုတ်ပါဘူးလို့ ခပ်ပြတ်ပြတ်ပဲ ပြန်လည်ပြောကြားလိုက်ပါတယ်။
နေ့တိုင်း သူ့ရဲ့လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ မနက်ခင်းတိုင်းမှာ နေပူဆာလှုံပြီး နေထွက်တာကြည့် မယ် နေ့လည်ပိုင်းမှာ မြက်ခင်းလေးမှာဆော့ကစားမယ် ညခင်းပိုင်းမှာ နေဝင်တာကို ပြုံးပြုံးကြီးကြည့်တာကိုတော့ လုပ်မြဲလုပ်ဆဲပါပဲ။
သူ့ကိုအရူးလို့ပြောလည်း သူလုပ်စရာရှိတာကိုလုပ်ပြီး ပျော်ရွှင်စွာ နေထိုင်နေတာကို အားလုံးကို မေးငေ့ါပြီးပြောလည်း ဂရုမစိုက်ဘဲ လုပ်စရာရှိတာကို ခပ်ပျော်ပျော်လုပ်နေပါတော့တယ်။
ဆန့်ကျင်ဘက်ပါပဲ ။
ကြွက်ကလေးနေထိုင်တဲ့ တောအုပ်က ခြင်္သေ့
မင်းကြီးကတော့ စိတ်သောကရောက်နေပါသတဲ့။ တစ်ဘက်ကတောအုပ်ကြီးကို အပိုင်ရဖို့ တခြားခြင်္သေ့
နဲ့ စစ်ဖြစ်ကြတာ ရှုံးနိမ့်သွားလို့ မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားနေပါတယ်။
ခြင်္သေ့ကြီးခမျာ သူသတ်သေဖို့ နည်းလမ်းပေါင်းမျိုးစုံကို စဉ်းစားလိုက် အဆင်မပြေဖြစ်လိုက်နဲ့ သောကတွေထပ်ဆင့်ပြီး အပူမီးတွေ လောင်ကျွမ်းနေပါတော့တယ်။
ဒီစစ်ပွဲမှာ သူရှုံးလိုက်ရတဲ့အတွက် တခြားသူတွေကို မျက်နှာမပြနိုင်အောင်ကို ရှက်နေတဲ့အတွက် ရေထဲခုန်ချလိုက်ရင်လည်း သူ့လိုခြင်္သေ့မင်းကြီးကို ငါးတွေတွတ်မှာကို စိုးပါတယ်။
ချောက်ထဲကို ခုန်ချလိုက်ရင်လည်း သူ့ရဲ့အလောင်းဟာ တစ်စဆီဖြစ်ပြီး စုတ်ပြတ်သတ်သွားမှာကိုလည်း မလိုလားပြန်ပါဘူး။
ဟိုလိုသေလည်းမဖြစ် ဒီလိုသေလည်း မဖြစ်တော့ စိတ်ညစ်ညစ်နဲ့ သေဖို့နည်းလမ်းစဉ်းစားရင်း လမ်းလျှောက်ထွက်လာတော့ ပျော်ရွှင်မြူးတူးနေတဲ့ ကြွက်ကလေးကို တွေ့လိုက်ပါသတဲ့။
ကြွက်ကလေးကတော့ နေဝင်ဖို့စောင့်ရင်း နေမင်းကို အမွှန်းတင်တဲ့ ကဗျာလေးစပ်လိုက် သီချင်းလေးဆိုရင်းနဲ့ ခြင်္သေ့မင်းကြီး သူ့နားကို ရောက်လာတာကို မတွေ့ပါဘူး။
ခြင်္သေ့မင်းကလည်း သူကသာ သေလောက်အောင် စိတ်ညစ်နေတာ ကြွက်ကဖြင့်ပျော်လို့ဆိုတော့ ဘဝင်သိပ်မကျလှပါဘူး။
ဒီတော့ စိတ်တိုတိုနဲ့ ကြွက်ကလေးကို ဂုတ်ကနေ ဆွဲပြီး သူသိချင်တာကို မေးလိုက်ပါတော့တယ်။
" မင်းဘာလို့ ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ ၊ ငါ့ကို မထီမဲ့မြင်လုပ်တာလား ပြောစမ်း "
" ကျွန်တော့်အဘိုးတန်လေးအကြောင်းတွေးရင်း ကျွန်တော်ပျော်နေမိတာပါ၊ ကျွန်တော့်ကို မသတ်ပါနဲ့ " လို့ ပြာပြာသလဲ ပြောလိုက်ပါတယ်။
" မင်းရဲ့အဘိုးတန်လေးက ဘာလဲ ခုချက်ချင်း ထုတ်ပေး ၊ မဟုတ်ရင် ကိုက်စားပစ်လိုက်မယ် " ဆိုတော့ ကြွက်ကလေးက
" ကျွန်တော့်မှာ ဘာအဘိုးတန်မှ မရှိပါဘူး ကျွန်တော့်ဘာသာ အေးအေးချမ်းချမ်းနေနေတာပါ" လို့ ကြောက်ကြောက်နဲ့ ပြန်ဖြေလိုက်ပါတယ်။
ခြင်္သေ့မင်းကြီးကလည်း အဖြေထွက်မလာတဲ့ ကြွက်ကလေးကိုကြည့်ရင်း ဒေါသတွေ ပိုထွက်လာပါတယ်။
" မင်းပျော်နေတာ အကြောင်းရင်း တစ်ခု ရှိကိုရှိမယ် ပြော အခုပြော " ဆိုပြီး ဆွဲခါရမ်းလိုက်ပါတယ်။
" ခြင်္သေ့မင်းကြီးပြောတဲ့ ပျော်ရွှင်ရတဲ့အကြောင်းဆိုတာတော့ ကျွန်တော်မသိပါဘူး ၊ ကျွန်တော်မှာ နေ့တိုင်းနေမင်းကြီးကို ကြည့်ပြီး ပျော်နေရတာကတော့ ကျွန်တော့်ပိုင်ဆိုင်မှုလေးပါ၊ ခြင်္သေ့မင်းကြီး ဘာလိုချင်မှန်းမသိပေမယ့် ကျွန်တော့မှာ ပိုင်ဆိုင်တာကတော့ ဒီနေမင်းလေးပဲ ရှိပါတယ်။ "
ကြွက်ကလေးရဲ့ အဖြေကိုကြားတော့ ခြင်္သေ့
ကြီးတစ်ချက် တွေဝေသွားပါတယ်။
" နေမင်းဆိုတာ အားလုံးပိုင်တာလေ ၊ မင်းပိုင်တာမှ မဟုတ်ပဲကို "
" ဟုတ်ပါတယ် နေမင်းကို အားလုံးပိုင်ကြတာပါပဲ ၊ ဒါပေမဲ့ နေမင်းကြီးရှိနေတာကို အားလုံး အသိမှတ်မပြုနိုင်ကြပါဘူး ၊ သူ့ရဲ့ကောင်းကျိုးတွေကို ဘယ်သူကမှ အလေးမထားကြပါဘူး။
တစ်နေ့ နေမင်းကြီးမရှိတော့ရင် ဆိုတာလေးကို ခင်္သြေ့မင်းအနေနဲ့ တွေးမိပါရဲ့လား "
အဖြေစကားကို ကြားပြီး ခင်္သြေ့ကြီးလည်း အံ့သြသွားပါတယ်။
နေမင်းမရှိတော့ရင်ဆိုတာလည်း မတွေးဖူးသလို နေမင်းရှိနေတာကိုလည်း တစ်ခါမှ သတိမပြုမိပါဘူး။
နေမင်းရဲ့ ကောင်းကွက်ကို စဉ်းစားမိဖို့ဝေးစွ ၊ တစ်နေ့တစ်နေ့ ဘယ်နယ်ထိ အပိုင်စားယူရမလဲ အားလုံးကရိုသေကြောက်လန့်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားနေမိတဲ့အတွက် အင်မတန်ပူလောင်ရပါတယ်။
ဒီတော့မှ ခင်္သြေ့မင်းကြီးလည်း ကြွက်ကလေးရဲ့ပျော်ရွှင်ရခြင်းရဲ့ အကြောင်းရင်းကို သိသွားပါတော့တယ်။
ဒီလိုလမ်းပြပေးတဲ့ ကြွက်ကလေးကို မြေပြင်ပေါ်မှာ အသာအယာပြန်ချပေးရင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်ပါတယ်။
ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဆိုတာ နည်းလမ်းနဲ့မဆိုင်ပါဘူး။
နေတတ်ဖို့နဲ့ စိတ်ထားတတ်ဖို့ပဲ လိုပါတယ်။
မပိုင်ဆိုင်ရတာကိုတွေးပြီး မပျော်နိုင်ခြင်းနဲ့ ဒီထက်ကောင်းတာကို ပိုင်ဆိုင်ရဖို့ကြားမှာ အင်မတန်ပူလောင်ရပါတယ်။
တစ်ချို့အရာတွေကို ပိုင်ဆိုင်ခွင့်မရတော့ဘူးဆိုရင် ပိုင်ဆိုင်ထားရတဲ့ သေးသေးလေးတွေကို ကြံဖန်ပြီး တန်ဘိုးထားကြည့်လိုက်ပါ။
Credit: မူရင်း
No comments:
Post a Comment