Wednesday, August 12, 2020

ရိုးသားခြင်းရဲ့တန်ဖိုး

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့ သားသ္မီးမထွန်းကားခဲ့ဘူး။ အသက်ကြီးလာတော့ ထီးနန်းအရိုက်အရာဆက်ခံဖို့ သူကိုယ်တိုင်ရွေးချယ်မယ်ဆို ပြီးကြေငြာတယ်။

တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာစုရုံးစေပြီးအမိန့်ရှိတယ်။ မောင်မင်းတို့အထဲက တိုင်းပြည်ကိုအုပ်ချုပ်မဲ့သူကိုရွေးချယ်မယ်။ လိုအပ်တဲ့အရည်အချင်းကတော့ အမှန်တရားကို မြတ်နိုးသူ၊သတ္တိရှိသူ ၊စွန့်လွှတ်အနစ်နာခံသူဖြစ်ဘို့ဘဲ။ အဲဒီ အရည်အချင်းကိုစမ်းသပ်ဖို့ သစ်စေ့တစ်စေ့နဲ့ ပန်းအိုးတစ်လုံးပေးလိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင်လုပ်ကြ။ နောက်တစ်နှစ်ကြာရင် ပြန်လာခဲ့။ အပင်ကိုကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်းရှိလဲ ဆုံးဖြတ်မယ်။ လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကိုယူပြီး အိမ်ပြန်ခဲ့ကြတယ်။ အဲဒီအထဲမှာ အမေကိုလုပ်ကျွေးနေတဲ့ မောင်ရစ်ဆိုတဲ့ လူငယ်လဲပါဝင်တယ်။

မောင်ရစ်လဲ သစ်စေ့ကိုပန်းအိုးထဲထည့်စိုက်ပြီး အချိန်မှန်မှန်ရေလောင်းပေးတယ်။ ပန်းအိုးကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး ဂရုစိုက်နေပေမဲ့ တစ်ပါတ်လဲ အပင်ကမပေါက်၊ နှစ်ပါတ်လဲ အပင်ကမပေါက်၊ တစ်လလဲ အပင်ကမပေါက်ဖြစ်နေတယ်။ သူငယ်ချင်းတွေကတော့ သူတို့အပင်တွေဘယ်လောက်ကြီးကြောင်း၊ အရွက်တွေဘယ်လောက်ထွက်နေကြောင်း ပြောသံကြားနေပေမဲ့ သူ့ရဲ့အပင်ကတော့ ထွက်မလာသေးပါဘူး။ စိတ်ဓာတ်မကျဘဲ ဆက်ပြီးရေလောင်းနေပေမဲ့ အပင်ကခြောက်နေမြဲပါဘဲ။ အပင်ကထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ပြည့်လို့ ဘုရင်ကြီးချိန်းထားတဲ့ရက်ကို သာရောက်လာတယ်။ မောင်ရစ်ရဲ့အပင်ကပေါက်မလာပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွားချင်တော့ဘူး။ မောင်ရစ်ရဲ့အမေကတော့ ပြန်သွားဘို့တိုက်တွန်းတယ်။

ပြိုင်ပွဲမှာ ရှုံးနိမ့်လဲအရှုံးကို လက်ခံနိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောကျၤားကောင်းတစ်ယောက်ဘဲလို့ အားပေးစကားပြောလိုက်တယ်။ မောင်ရစ်လဲ အပင်မပေါက်တဲ့ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကိုပြန်သွားတယ်။ မောင်ရစ်ရဲ့ပန်းအိုးကလွဲလို့ကျန်တဲ့လူငယ်တွေရဲ့ပန်းအိုးထဲမှာ အပင်တွေနဲ့ဝေဆာနေတာကိုတွေ့ရတယ်။ လူငယ်တွေလဲ သတ်မှတ်ထားတဲ့နေရာမှာ ပန်းအိုးကိုထားပြီး ဘုရင်ကြီးရဲ့အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်။

ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတစ်ညိတ်ညိတ်နဲ့ လိုက်ပြီးကြည့်နေတယ်။ တစ်တန်းပြီးတစ်တန်း ကျော်သွားတယ်။ ဘုရင်ကြီးစိတ်တိုင်းကျမတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတန်းကိုရောက်တဲ့အခါ အပင်မပေါက်တဲ့မောင်ရစ်ရဲ့ ပန်းအိုးကိုတွေ့သွားပြီး ဘုရင်ကြီးမျက်နှာ ဝင်းလက်သွားတယ်။ မောင်ရစ်ကို လူကြားထဲကဆွဲထုတ်ပြီး မောင်ရစ်ရဲ့လက်ကိုဆွဲမြှောက်ပြီး မင်းလောင်းအဖြစ်ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တယ်။ ပရိတ်သတ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ပြီး နားမလယ်စွာနဲ့ ဘုရင်ကြီးကိုဝိုင်းကြည့်နေကြတဲ့အခါမှာ ဘုရင်ကြီးက အကြောင်းစုံကိုရှင်းပြတယ်။ မောင်မင်းတို့ကို ပေးလိုက်တဲ့မျိုးစေ့တွေအားလုံးကို ရေနွေးထဲမှာထည့်ပြုတ်ပြီးမှပေးလိုက်တာ၊ ဘယ်လိုမှ အပင်ပေါက်စရာအကြောင်းမရှိဘူး။ မောင်ရစ်တစ်ယောက်သာ ရိုးရိုးသားသားနဲ့အပင်မပေါက်တဲ့ပန်းအိုးကို ပြန်ပြီးယူလာခဲ့တယ်။ ကျန်တဲ့သူတွေက မျိုးစေ့ကိုအစားထိုးပြီးစိုက်ခဲ့လို့သာ အပင်ပေါက်ခဲ့ခြင်းဖြစ်တယ်။ ကိုယ်တိုင်မှ မရိုးသားသူတစ်ယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လိုလုပ်ဖြောင့်ဖြောင့်မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။ ရိုးသားသူတစ်ယောက်ဖြစ်ဘို့ဆိုတာ မလွယ်လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့သတ္တိနဲ့ အနစ်နာခံနိုင်တဲ့စိတ်ဓာတ်လဲ ရှိဘို့လိုတယ်။

အကြောင်းစုံကိုသိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးကလက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်ကိုလက်ခံပါ။ စွန့်လွှတ်အနစ်နာခံပါ။ ကိုယ်ပြုသည့်ဒါဏ်ကိုယ်၏ကံကိုယ့်ထံပြန်လာမည်။ ရိုးသားခြင်းသည်အကောင်းဆုံးသောဝါဒပါ။

မောင်သုတ  ဗဟုသုတ မှတ်စု


No comments:

Post a Comment

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...