Thursday, August 13, 2020

အညာစောင်🌿

“အဖေကလေ ဘယ်လောက်ပြောပြောမရဘူး။ အဲဒီစောင်ကို မခြုံပါနဲ့တော့လို့ ပြောနေတာ”

သမီးက သူ့ဖခင်ကို အပြစ်တင်သလိုပြောကာ ဂွမ်းစောင်ကို ခြုံပေးလိုက်သည်။ သို့သော် အဖေဖြစ်သူက အညာစောင်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး
“သူ့ဘာသာသူ နေတာ နင့်ခေါင်းပေါ် ရွက်ထားရလို့လား” ဟုပြန်ပြောလိုက်သည်။

အဖေက ဤအညာစောင်လေးကို အလွန်မြတ်နိုးသည်။ အိုက်၍ စောင်ကို မခြုံလျှင်တောင်မှ ရင်ဘတ်ပေါ် ထားအိပ်သည်။ တစ်ခါတရံ အဖေက ရင်ခွင်ထဲ ထွေးပွေ့ပြီး အိပ်တတ်သည်။ အလွန်အေးလည်း အညာစောင်ကို အောက်ကခြုံပြီးမှ အပေါ်က ဂွမ်းစောင်ကို ခြုံပေး၍ရသည်။ ခရီးထွက်လည်း ဤစောင်လေး မပါလျှင် ပြဿနာရှာတတ်သည်။ အဖေသည် အဘယ်ကြောင့် ဤအညာစောင်လေးကို စွဲမက်နေသနည်း။ ကွက်တုံးကြီးတွေကို ကျူထရံဖောက်သလို အနီနှင့် အဝါရောင် ရောယှက်ထားသည့်စောင်မှာ အရောင်တွေ လွင့်ပြယ်လုပြီ။ အမြိတ်တွေတောင် ပြုတ်သည့်နေရာက ပြုတ်ကုန်ပြီ။

“ဟဲ့ ဘာဖြစ်လို့ စောင်ကို ခဏ ခဏလျှော်ချင်ရတာလဲ … ကြာရင် စုတ်ကုန်မှာပေါ့”

စောင်ကိုယူလျှော်မည်လုပ်တိုင်း သမီးနှင့်အဖေ စစ်ခင်းရသည်။ နောက်ဆုံး နေ့ချင်းပြီး ပြန်ခြောက်အောင်လျှော် မီးပူထိုးပေးမှ အဖေက စိတ်ချမ်းသာသည်။ အဖေနှင့်သမီး ဤစောင်ကိစ္စ စစ်ဖြစ်ခဲ့ရသည်ကို မှတ်မိနေသည်။ ထိုစဉ်က အဖေ ကျောင်းသွားနေသေးသည်။ ပင်စင်ယူထားသော်လည်း ကျောင်းသံယောဇဉ်ဖြင့် ကျောင်းကိုဆက်သွားပြီး အင်္ဂလိပ်စာ သင်ပေးနေသည်။ အမေကွယ်လွန်သွားသဖြင့် စိတ်ပြေလက်ပျောက်ဖြစ်ပါစေဟု သဘောထားကာ သမီးဖြစ်သူက ခွင့်လွှတ်ထား လိုက်ရသည်။ ကျောင်းကလည်း အဖေ့ကိုလိုလားသည်။ ပြီးတော့ ရပ်ကွက်ထဲကကျောင်းဖြစ်နေသည့်အတွက် ကျောင်းကိုသွားနေခြင်းကို သမီးက ကြည့်နေလိုက်သည်။

တစ်နေ့တွင် အဖေ အစောကြီး ပြန်လာသည်။

“အဖေ ဘာဖြစ်လို့လဲဟင်”

“အဖေ နည်းနည်း နေမကောင်းချင်လို့”

“ဘာဖြစ်သလဲအဖေ ဆေးခန်းသွားမယ်လေ”

“ရတယ် … ရတယ် … ခဏလောက် မှေးလိုက်ရင် ရတယ်”

အဖေ့ကို သံပရာရည်တစ်ခွက်ဖျော်တိုက်လိုက်ပြီး
“အဖေ လာအိပ်လေ … သမီးအိပ်ရာပြင်ပြီးပြီ” ဟု ပြောလိုက်သည်။

အဖေက ကုတင်ပေါ်ထိုင်လိုက်ပြီး ဟိုကြည့် သည်ကြည့် လုပ်နေသည်။

“အဖေ ဘာရှာတာလဲ”

“ငါ့စောင် … ငါ့ အညာစောင်လေးရော”

“သြော် အဖေရယ် … အဖေ့မြေး ပုခက်လုပ်ထားတယ်။ သူ့ပုခက်က လျှော်ထားလို့”

“ဘာ … အဲဒီစောင်က နင့်တစ်သက် မကတော့ဘူး။ ပြဲသွားရင် ဘယ်လို လုပ်မလဲ။ ဖြုတ် … ခု  သွားဖြုတ်”

“အဖေ … ကလေးအိပ်နေတယ်လေ”

“မလိုချင်ဘူး။ ကလေးအတွက်လည်း စိတ်မချရဘူး။ သွားဖြုတ်ခဲ့”

“ကလေးအိပ်နေတာ ဘယ်လို လုပ်ရမလဲ … အဖေက နည်းနည်း အကဲပိုလွန်းတယ်”

“ဒီမှာ နင်တို့က နင်တို့လုပ်စာ စားနေရတယ်ဆိုပြီး ငါ့ကို ပမာမခန့်ပြန်ပြောနေတာလား … သွားဖြုတ်လိုက်”

“အဖေရယ် အဲဒီလို မဟုတ်ပါဘူး။ ခဏလေးတော့ နေဦးပေါ့။ ကလေး နိုးလာရင် သမီးပြန်ဖြုတ်ပေးမှာပေါ့”

အဖေက အခန်းထဲက ထွက်သွားသည်။ တိုက်ပုံလေး ဝတ်ပြီး အိမ်ပေါ်က ဆင်းသွားသည်။ အဖေစိတ်ဆိုးသွားမှန်း သိသော်လည်း သမီးစိတ်ထဲတွင် ဘဝင်မကျ ဖြစ်နေမိသည်။

“အဖေက နည်းနည်း ပိုလွန်းတယ်”

သူက မကြားတကြား ရေရွတ်လိုက်ခြင်းဖြစ်သည်။ အဖေ သုံးရက်တိတိ အိမ်ပြန်မလာ။ နောက်မှ ရန်ကုန်က ဘုန်းကြီးကျောင်းကိုရောက်နေကြောင်း ဆရာတော် ဖုန်းလှမ်းဆက်သဖြင့် သိရသည်။ လေးရက်မြောက်နေ့တွင် အဖေပြန်လာသည်။ သူ့အခန်းထဲကို တန်းသွားသည်။ သမီးဖြစ်သူက တံခါးက ချောင်းကြည့်လိုက်သည်။ အဖေက အညာစောင်လေးကို ဖက်ပြီး တစောင်းလေး အိပ်နေသည်။ ထိုနေ့ကစပြီး သမီးသည် အညာစောင်ကို မထိဝံ့တော့ပေ။

* * *

အဖေက ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေသည်။ အအေးမိနေသည်။ အညာစောင်လေးကို ခြုံထားသည်။ သမီးထုတ်ပေးထားသည့် ဂွမ်းစောင်က ခြေရင်း ကုတင်အောက်တွင် အပုံလိုက်ကျနေသည်။ သမီးက ဂွမ်းစောင်လေးကို ကောက်ပြီး ခြုံပေးမည်ဟု ပြင်လိုက်ရာ
“မခြုံနဲ့၊ ရတယ်။ အဲဒီစောင်က ယားတယ်။ မခြုံနဲ့” ဟုပြောပြီး တဖက်ကို လှည့်သွားသည်။ အဖေ့မွေ့ရာပေါ်တွင် ခေါက်တင်ခဲ့ရသည်။

အဖေ့ အခြေအနေမကောင်း။

“အဖေ ဆေးရုံတက်ရမယ်တဲ့”

“မတက်ချင်တော့ဘူး။ ဒီမှာပဲနေချင်တယ်”

“မဟုတ်ဘူးအဖေ … ဆေးရုံတက်လိုက်တော့ ဟိုမှာ နားလည်တဲ့ဆရာဝန်ကြီးတွေနဲ့ ကုလို့ရတာပေါ့”

“အေးလေ … တက်ဆိုလည်း တက်ရတာပေါ့”

အဖေက အညာစောင်လေးကို ပွေ့ထားသည်။ သူ့စောင်လေးကို ကျန်ခဲ့မည် စိုးရိမ်နေပုံရသည်။

“ပေး အဖေ … အဖေ့စောင် ကားထဲသွားထည့်လိုက်မယ်”

“ရတယ် … နေပါစေ … ငါ့ဘာသာ ယူလာခဲ့မယ်”

အဖေက ကားပေါ်တက်သည်အထိ စောင်ကို ရင်ခွင်ပိုက်ထားသည်။ ဆေးရုံရောက်တော့လည်း သူ့စောင် လေးကို ရင်ခွင်ထဲတွင်ထည့်ထားသည်။ ဆရာဝန်လေးက
“အဘိုး … ရင်ဘတ်ကိုစမ်းချင်လို့ စောင်ဖယ်လိုက်နော်” ဟုပြောကာ ဖယ်လိုက်သည်။ အဖေက စောင်ကို လက်ကမလွှတ် ကိုင်ထားပြီး အစမ်းခံသည်။

ဆရာဝန်ငယ်ငယ်လေးက အဖေ့အနားတွင်ထိုင်ပြီး ဆေးစာရေးပေးလိုက်သည်။

“အစ်မ ဒီဆေးလေး သွားဝယ်လိုက်ပါလား”

“ဟုတ်ကဲ့”

ဆရာဝန်လေးက
“အဘိုး ဒီစောင်လေးကို အရမ်းမြတ်နိုးတာပဲနော်”

“အင်း”

“အဘိုးမှာ ဒီစောင်နဲ့ပတ်သက်ပြီး အတိတ်အကြောင်း တစ်ခုခုရှိမယ်ထင်တယ်”

အဘိုးက ထထိုင်ဖို့ကြိုးစားသည်။ ဆရာဝန်လေးက အဘိုးကို ကုတင်ပေါ်တွင် ထိုင်နိုင်အောင် ပြင်ပေးလိုက် သည်။

“ဆရာလေး”

“ခင်ဗျာ”

“ဒီစောင်လေးအကြောင်းကို ကျုပ်သားသမီးတွေ အဲသည်လို မေးစေချင်တာ။ တစ်ယောက်မှ မမေးခဲ့ကြဘူးဗျ”

“သြော် အဘိုးရယ် … ဖြစ်ရလေ။ ကျွန်တော်က စောင်နွမ်းနွမ်းလေးကို ဂွမ်းစောင်ကြီးရှိနေသားနဲ့ ဖက်တွယ် ထားတာကြောင့် အဘိုး အလွန်မြတ်နိုးမှာပဲ ထင်ပြီး မေးလိုက်မိတာ။ စိတ်မဆိုးနဲ့နော်”

“မဆိုးပါဘူးကွယ်”

သမီးဖြစ်သူက ပြန်ရောက်လာသည်။ ဆရာဝန်လေးကို ဆေးပေးသည်။ ဆရာဝန်လေးက ထိုဆေးကို ထိုးပေးလိုက်ပြီး “အဘိုး အိပ်ပျော်သွားလိမ့်မယ် … ညကျမှ ကျွန်တော် တစ်ခေါက်လာကြည့်မယ်” ဟုပြောလိုက်သည်။

ညနေ လူနာချိန်ကုန်သဖြင့် အားလုံး ပြန်သွားကြသည်။ အဘိုးက နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သမီးဖြစ်သူက အညာစောင်လေးကို အဖေ့အား လွှမ်းခြုံပေးလိုက်ပြီး ချိုင့်ကိုသိမ်း၊ ဆွဲခြင်းကိုယူပြီး ပြန်သွားသည်။ နောက်တစ်နေ့ သမီးတို့မိသားစု အဖေ့ကို လာကြည့်ကြသည်။ အဖေ့ကုတင်ပေါ်တွင် ဘာမှမရှိတော့။ ဆရာဝန်များ အခန်းကို အပြေးလေးသွားကြသည်။

“မနက် ၄ နာရီ ၁၅ မိနစ်တိတိမှာ ဆုံးသွားတယ်အစ်မရယ်”

“အို … အဖေရယ်”

“ကျွန်တော်နဲ့ တစ်ညလုံး စကားတွေ ပြောနေကြတာအကောင်း။ ကျွန်တော် ဆေးရုံကို တစ်ပတ်လှည့်ပြီး ပြန်လာတော့ ဆုံးသွားတာပဲ”

* * *

အဖေ့ကိစ္စအားလုံးကို လိုက်လုပ်ရသည်။ ရေခဲတိုက်ကိုပို့ထားသည်။ သူတုိ့ ပြန်ရန်ပြင်ဆင်ပြီး ကားပေါ်တက်မည်အပြုတွင် ဆရာဝန်လေးက ဆေးရုံထဲက ထွက်လာသည်။

“ဆရာ ပြန်တော့မယ်။ အဖေနဲ့ ညက စကားတွေပြောခဲ့တယ်ပေါ့။ ကျေးဇူးတင်ပါတယ်ဆရာ”

“အင်း … ဆရာကြီးက ကျွန်တော့်အဖေနဲ့ တစ်ကျောင်းတည်း လုပ်ခဲ့ဖူးတာပဲ။ ကျွန်တော့်အဖေကို ကောင်းကောင်းသိတယ်။ ပြီးတော့ အစ်မတို့ တစ်ခု သတိထားမိလား”

“ဘာများလဲဆရာ”

“ဆရာကြီး အညာစောင်လေးလေ”

“ဟာ … ဆရာပြောမှ သတိရတယ်။ အဲဒီစောင် ဘယ်ရောက်သွားပြီလဲ မသိဘူး။ ကုလားတွေ ယူသွားပြီလား မသိဘူး”

“မယူပါဘူးအစ်မ … ကျွန်တော့်ရုံးခန်းထဲမှာ ရှိတယ်။ ဆရာကြီး မသေမီကတည်းက သေသေချာချာ ကျွန်တော့်ကို အပ်သွားတာ။ အဲဒီစောင်ကို အစ်မတို့ ယူချင်ရင် ပေးလိုက်ပါတဲ့။ မယူချင်ဘူးဆိုရင်လည်း လိုအပ်နေတဲ့ တစ်ယောက်ယောက်ကို လှူလိုက်ပါတဲ့”

“ဆရာ့ဆီမှာပေါ့”

“အစ်မတို့ ဆရာကြီးကို အဲဒီစောင်အကြောင်းနဲ့ ပတ်သက်ပြီး မေးဖူးသလား”

“ဟင့်အင်း တစ်ခါမှ မမေးကြည့်မိဘူး”

“ကျွန်တော်နဲ့ ဆရာကြီး ညက တစ်ညလုံး အဲဒီစောင်အကြောင်း ထိုင်ပြောကြတာ”

“တစ်ညလုံးပြောရလောက်အောင်လားဆရာ”

“တကယ်ဆိုရင် ဆရာကြီးဆက်ပြောရင် နားထောင်ချင်သေးတာအစ်မရယ်။ အဲဒီစောင်အကြောင်းလေး”

“အဖေက အဲဒီစောင်ကို အရမ်းစွဲလမ်းတာဆရာ”

“စွဲမှာပေါ့ဗျာ … အဲဒီစောင်လေးဟာ ဆရာကြီးရဲ့ အိမ်ထောင်ဦးပစ္စည်းလေးတဲ့။ သူ့ဘဝမှာ ပထမဆုံး ရတဲ့ လစာလေးနဲ့ လင်မယားနှစ်ယောက် ခြုံဖို့ ဝယ်ခဲ့တဲ့ အညာစောင်လေးတဲ့”

“အို”

* * *

“အဘိုး ထတော့လေ … ကျွန်တော် ဆေးတိုက်မလို့”

“နိုးနေပြီဆရာ … ကျွန်တော် နိုးနေပြီ။ ကျွန်တော့်ဘဝမှ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် တစ်ခါမှ မအိပ်ဖူးဘူး … သိလား … ကောင်းလိုက်တာ”

ဆရာဝန်လေးက ထိုင်ရန်ပြင်နေသည့် အဘိုးအိုကို ထူပေးလိုက်သည်။ အဘိုးက စောင်လေးကို ခေါက်ရန် ပြင်နေသည်။

“ကျွန်တော် ခေါက်ပေးမယ်လေ အဘိုး”

“ရပါတယ် … ဆရာက နိုက်ဂျူတီလား”

“ဟုတ်ကဲ့”

“ဒီစောင်လေးက ကျွန်တော့်ဘဝပဲသိလား”

“အဘိုး စောစောကတည်းကပြောလို့ စိတ်ဝင်စားနေတာ။ ဒါနဲ့ အဘိုးက အငြိမ်းစားလို့စာအုပ်ထဲမှာတွေ့လိုက်ရ တယ်။ ဘယ်ဌာနကလဲအဘိုး”

“ကျောင်းဆရာပါကွယ် … ပညာရေးဌာနကပေါ့”

“ဟာ ကျွန်တော့် ဖေဖေကလည်း ကျောင်းဆရာတစ်ယောက်ပဲ”

“ဘယ်သူများလဲ … ဘယ်ကျောင်းကလဲ … ဒီမြို့ကပဲလား”

“အမှတ် ၁ ကျောင်းက ဦးမြင့်ကြည်လေအဘိုး”

“ဟာ … မင်း … မြင့်ကြည်သားလား”

“ဟုတ်ကဲ့”

“နေဦး … ငယ်ငယ်တုန်းက စက်ဘီးလဲပြီး ဒူးကွဲသွားလို့ ဆေးရုံမှာ သွားချုပ်ရတာ မင်းလား”

“ဟုတ်ကဲ့ … အဲဒီတုန်းက ဖေဖေနဲ့ ဆေးရုံကိုထမ်းပြီး လိုက်ပို့တာ အဘိုးလား”

“ကြည့်စမ်း … ကြည့်စမ်း မင်းတောင် ဆရာဝန်ကြီး ဖြစ်နေပြီပဲ … အင်း … မင်းအဖေအတွက်ကတော့ စိတ်မကောင်းဘူး။ ငါ့ သူငယ်ချင်း ကောင်းရာဘုံဘဝမှာ ပျော်နေမှာ တကယ့်သူတော်ကောင်းကြီးကွ”

“ဖေဖေက အဘိုးအကြောင်း ခဏ ခဏပြောတယ်။ အင်္ဂလိပ်စာအရမ်းတော်တယ်တဲ့။ အဘိုးဆီမှာ အင်္ဂလိပ်စာ သင်ခိုင်းရမယ်ဆိုပြီး လုပ်နေတုန်း ဆုံးသွားတာ”

“အေးကွယ် … မင်း အဖေလည်း မြန်မာစာမှာ ထူးချွန်သူတစ်ယောက်ပါ။ သူက စာလေး ဘာလေးလည်း ရေးတယ်။ မင်းရောကွ … စာရေး စာဖတ် မင်းအဖေလောက်ဖြစ်ရဲ့လား”

“ဖေဖေ့အမွေဆိုလို့ စာအုပ်တွေအများကြီးပဲ ရလိုက်တယ်အဘိုးရယ်။ အဲဒီ စာအုပ်တွေက သားကို ဒီဘဝရောက်အောင် လုပ်ပေးခဲ့တာပါ။ ဖေဖေ့ကြောင့် စာရေး စာဖတ်ဝါသနာပါခဲ့ရတယ်။ ခုလည်း မဂ္ဂဇင်းတွေမှာ လက်စမ်းဆဲအဘိုး”

“ကြိုးစားကွယ် … မင်းအဖေခြေရာ လိုက်နင်း သိလား။ ဒါပေမဲ့ ဆရာဝန်ဖြစ်နေတော့လည်း ကောင်းတာပဲ”

“အဘိုးအညာစောင်လေးအကြောင်း ကျွန်တော် စိတ်ဝင်စားတယ်။ ကျွန်တော့်ကို ပြောပြမှာလား”

“အေး ပြောမှာပေါ့။ ငါက အဲဒီအကြောင်းဆိုရင် အရမ်းပြောချင်နေတာ”

“အဘိုး ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါလား။ ကျွန်တော် ကိစ္စလေးတွေ သွားဖြတ်လိုက်ဦးမယ်။ ပြန်လာခဲ့မယ်”

“အေး … အေး … လာခဲ့နော် … ငါစောင့်နေမှာ”

* * *

တက္ကသိုလ်ပြီးသော်လည်း အလုပ်ကမရှိ။ အစိုးရအလုပ်တွေကိုမျှော်ကိုးသော်လည်း ရုံးဌာနများတွင် မလုပ်ချင်။ ဝါသနာပါသည့် ကျောင်းဆရာအလုပ်ကို လုပ်ရန်လျှောက်လွှာတင်ထားသော်လည်း မခေါ်သေး။ လတ်တလော စားဝတ်နေရေးပြဿနာကို ဖြေရှင်းရန်လိုသည်။ ထို့ကြောင့် သူ ဆိုက်ကားထွက်နင်းခဲ့ရသည်။

ဆိုက်ကားနင်းရင်း “သရဖီ” ကိုတွေ့ခဲ့ရသည်။ သရဖီက မြို့၏အထင်ကရ ဆေးလိပ်ခုံကြီး၏ သမီးချောလေးဖြစ်သည်။ သရဖီနှင့်မောင်ကံ ဆုံတွေ့ခဲ့ရပုံကလည်း ဆန်းသည်။

“ဆိုက်ကား အားလား”

အဝါရောင် ဝမ်းဆက်လေးကို ဝတ်ထားပြီး ကျစ်ဆံမြီးလေး နှစ်ဖက်ချထားသည့် ကောင်မလေးက ဆိုက်ကားပေါ်ထိုင်ပြီး စာအုပ်ဖတ်နေသည့် မောင်ကံကို လာမေးခြင်းဖြစ်သည်။

“ဟုတ်ကဲ့ အားပါတယ် … ဘယ်လဲ”

“ဈေးကြီးကို”

“တစ်ကျပ်ခွဲပါ”

“တစ်ကျပ်ပါ … ။ ခါတိုင်း စီးနေကျပဲ”

“တက်လေ”

“တစ်ကျပ်ရမှာလား”

“ရမှာမို့ တက်ခိုင်းတာပေါ့”

ကောင်မလေးဆီက သနပ်ခါးနံ့လေးက သင်းနေသည်။ သူက ဖြည်းဖြည်းချင်း ဆိုက်ကားကို နင်းလာသည်။

“အို … မြန်မြန်နင်းစမ်းပါ။ စီးရတာ ဘယ်လိုကြီးမှန်း မသိဘူး”

“လမ်းတွေ ဆိုးလို့ပါ။ လမ်းမတန်းကို ရောက်ရင်တော့ လေယာဉ်ပျံလို မောင်းပေးပါ့မယ်”

“အဲသလောက်လည်း မလိုပါဘူး။ တော်ကြာ တိုက်ကုန်မှ ခစ် … ခစ် … ခစ်”

သူ ကောင်မလေး၏အသံထဲတွင် စီးမျောနေပြီ။ ဈေးကိုရောက်သည့်အခါတွင်လည်း
“အပြန်ကို စောင့်ပေးရဦးမလား”

“ကြာမှာ”

“ကြာလည်း စောင့်ပေးမယ်လေ။ အပြန် လူရမှဖြစ်မှာ”

“စောင့်ချင်လည်း စောင့်ပေါ့”

ထိုအချိန်မှစပြီး သရဖီက နေ့တိုင်း သူ့ဆိုက်ကားကို စောင့်စီးသည်။ မောင်ကံကလည်း သရဖီ ဈေးသွားသည့်အချိန်တိုင်း သူတို့တိုက်နားကဂိတ်ကို အရောက်လာတတ်သည်။

“ဆိုက်ကားသမားက အင်္ဂလိပ်စာအုပ်တွေ ဘာတွေ ဖတ်လို့ပါလား”

“ဆိုက်ကားက ယာယီနင်းတာပါ။ အမြဲလုပ်ဖို့ မဟုတ်ပါဘူး”

“ရှင်က ဘွဲ့ရပြီးသားလား”

“ဆိုပါတော့”

“ဘယ်ဆိုးလို့လဲ … ဘွဲ့ရပြီး ဆိုက်ကားနင်းတယ်ဆိုတာ”

“ဘွဲ့ရပြီး ဆိုက်ကား မနင်းရဘူးလို့ ဥပဒေမရှိဘူးဗျ”

“ခစ် … ခစ် … ခစ်”

“ခင်ဗျား … အဲဒီလိုပဲ စကားပြောပြီးရင် ရယ်တာပဲလား”

“အိုး … လူကို ဘာမှတ်လို့လဲ … ရယ်ချင်ရင်တော့ ရယ်မှာပေါ့။ ဒါနဲ့ မဂ္ဂဇင်းလေးဘာလေး မရှိဘူးလား”

“ဘာလုပ်မလို့လဲ”

“ဖတ်ချင်လို့”

“မိုးဝေ မဂ္ဂဇင်းတွေတော့ရှိတယ်”

“အချစ်အကြောင်း ဝတ္ထုတွေပါလား”

“ဟင့်အင်း … ကဗျာတွေတော့ ကောင်းတယ်”

“ကဗျာ မကြိုက်ပါဘူး … အချစ်အကြောင်း ဝတ္ထုတွေ ဖတ်ကြည့်ချင်လို့”

“ဒါဆိုရင် ရှုမဝဖတ်လေ”

“ရှိရင် ငှားပါလား”

“မနက်ဖြန် ယူလာခဲ့မယ်”

နောက် သုံးလအကြာတွင် မောင်ကံ ကျောင်းဆရာလျှောက်ထားသည့် အလုပ်ကို လူတွေ့ စစ်ဆေးခြင်း ခံရသည်။ ရိုးမတောထဲကို ကျောင်းဆရာဘဝနှင့် သွားရတော့မည်။ အလုပ်က တစ်ပတ်အတွင်း တာဝန်ကျသည့်ရွာကျောင်းကို သတင်းပို့ရမည်။ ယနေ့ နောက်ဆုံး ဆိုက်ကားနင်းသည့်နေ့ဖြစ်သည်။

မနက် သရဖီဈေးသွားချိန်အမီ ဆိုက်ကားလေးကို သူတို့တိုက်ဘေးတွင် လာထိုးထားသည်။ ထွက်လာနေကျအချိန်တွင် သရဖီရောက်မလာ။ မောင်ကံတစ်ယောက် တမျှော်မျှော်။

“ဆိုက်ကား … ဘုရားကြီးကို သွားမယ်”

“မအားဘူး”

“ဈေးကို”

“မအားဘူး”

မောင်ကံတစ်ယောက် လာသမျှကို မအားဘူးဟု ပြောထုတ်နေရသည်။ ယနေ့မှ သရဖီတစ်ယောက် ဘာဖြစ်နေ သနည်း။ မောင်ကံတစ်ယောက် စိတ်ထဲတွင် မရိုးမရွဖြစ်နေသည်။ ထိုစဉ် ကောင်မလေးတစ်ယောက်က
“ကိုကံဆိုတာလား”

“ဟုတ်တယ် … ဘာကိစ္စလဲ”

“မမ သရဖီက စာအုပ်ပေးခိုင်းလိုက်လို့”

သူ့ကို ကောင်မလေးက ဝတ္ထုစာအုပ်လေး လှမ်းပေးလိုက်သည်။ သူ သရဖီကို ငှားထားသည့် စာရေးဆရာ မြသန်းတင့်၏ လိုက်ခဲ့တော့ မြနန္ဒာ ဝတ္ထုစာအုပ်လေးဖြစ်သည်။

“သရဖီ ဒီနေ့ ဈေးမသွားဘူးလား”

“မမ သရဖီကို ဖေဖေကြီးက ရိုက်ထားတာ ထတောင် မထနိုင်ဘူး”

“အို … ဘာဖြစ်လို့လဲ … ဟေ့ … ဟေ့”

ကောင်မလေးက သူ့ကို ဘာမှမပြောဘဲ ထွက်ပြေးသွားသည်။
မောင်ကံက စိတ်ပျက်စွာဖြင့် ဝတ္ထုစာအုပ်လေးကို ကြည့်နေသည်။ စာတစ်စောင် စာအုပ်ထဲတွင် ပါလာသည်။

ကိုကံ/

မနက်ဖြန် မနက် ၅ နာရီလောက် တွေ့ချင်တယ်

/သရဖီ

မောင်ကံ ရင်တွေခုန်နေသည်။ တစ်နေကုန် ဘာမှမလုပ်နိုင်။ ဆိုက်ကားကို အုံနာထံ ပြန်အပ်သည်။ မနက်ဖြန် တာဝန်ကျသည့်ရွာကိုလည်း သွားရမည်။ သူအသင့် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် မနက်ဖြန် မနက် ၅ နာရီဆိုသည့် စာလေးက သူ့ကို တစ်ညလုံး အိပ်ရေးပျက်စေခဲ့သည်။

* * *

“မနက် ငါးနာရီထိုးတော့ အဘိုး သွားသလား”

“သွားတာပေါ့ … ငါးနာရီတောင် မထိုးဘူး ၄ နာရီလောက်ကတည်းက ဆိုက်ကားဂိတ်က အုတ်ခုံမှာ သွားထိုင် နေတာ”

အဘိုးက ပြောရင်းနှင့် အညာစောင်လေးကို ပိုက်ထားလိုက်သည်။ ဆရာဝန်လေးက

“အဘိုး မောနေလား … နားလိုက်လေ”

“ရပါတယ်ကွယ် … ငါ့မှာ အဲသည်လို စကားတွေအများကြီး မပြောရတာ ကြာပြီ။ အထူးသဖြင့်တော့ သူ့အကြောင်းကို ပြောပြချင်နေတာ”

“သူ့အကြောင်းဆိုတာက”

“သရဖီအကြောင်းပေါ့”

* * *

အုတ်ခုံလေးပေါ်တွင် မောင်ကံတစ်ယောက်ထိုင်စောင့်နေသည်မှာ ကြာပြီ။ ငါးနာရီကျော်သော်လည်း သူ ထွက်မလာ။ ငါးနာရီခွဲလောက်မှ တိုက်ရှေ့ဝင်းတံခါးကြီး၏ လူထွက်ပေါက်လေး ပွင့်လာသည်။

“သရဖီ”

မောင်ကံ ပျော်သွားသည်။ သူက မတ်တတ်ရပ်လိုက်ပြီး သရဖီကို ပြုံးပြလိုက်သည်။ သရဖီက ခေါင်းငုံ့ထားသည်။ သူ့မျက်နှာလေး မော့လိုက်တော့ မျက်လုံးတစ်လုံးက ဖူးရောင်နေသည်။

“အို … သရဖီ ဘာဖြစ်တာလဲ”

“ဆိုက်ကား မပါဘူးလား”

“ဆိုက်ကားမနင်းတော့ဘူး”

“ဟင် … ဘယ်လို လုပ်ရမလဲ … ဒါဆို လာ … မြန်မြန်လာ … သွားရအောင်”

“ဘယ်ကိုလဲ … ဘာဖြစ်လို့လဲ”

“အမေးတွေ ထူလိုက်တာ … တော်ကြာ အိမ်က နိုးသွားရင် ဒုက္ခရောက်တော့မယ်။ သွားရအောင်ပါ”

“ဘယ်သွားမှာလဲ”

“လာပါရှင် … မေးမနေပါနဲ့ … ကျွန်မ ခိုးရာလိုက်မလို့ပါရှင်”

“ဟင် … ဘယ်သူနဲ့လဲ။ ဘယ်သူ့ဆီကို ပို့ပေးရမလဲ”

“ရှင်နဲ့ … ရှင်နဲ့ ခိုးရာလိုက်မလို့ … သိပြီလား … ကဲ”

“ဟာဗျာ”

* * *

အဘိုးက မျက်လုံးလေးမှေးထားသည်။ ဆရာဝန်လေးက
“အဘိုး မောသွားပြီလား”

“သူ့အကြောင်းကို ပြောချင်နေတာ … သူ့အကြောင်း ပြောရလို့ မမောပါဘူးကွယ်”

“အဘိုး … အိုဗာတင်းလေးတစ်ခွက်လောက် သောက်မလား”

“ကရင်မ်ဆိုဒါတစ်ပုလင်းလောက် သောက်ချင်လိုက်တာ”

“ဒီခေတ်မှာ ကရင်မ်ဆိုဒါ ဘယ်မှာရှိမလဲ … အအေးတစ်ခုခု သောက်မလား”

“အင်း … ရင်ထဲကို အေးသွားစေတာတစ်ခုလောက် သောက်ချင်တယ်”

“ကျွန်တော် အအေးတစ်ပုလင်းလောက် သွားယူပေးမယ်”

“ဟင့်အင်း … မယူနဲ့။ သူက အအေးသောက်တာ မကြိုက်ဘူး သိလား”

“ဘယ်သူကလဲ အဘိုး”

“သရဖီကေလ”

“အဘွားက မရှိတော့ဘူးမဟုတ်လား”

“အို အဲသည်လို မပြောပါနဲ့ … သူအမြဲ ရှိနေတယ် … သိလား။ ဟိုမှာလေ”

“ဘယ်မှာလဲ အဘိုး”

“ဟိုး … ဆေးရုံဝင်းထဲက ရေတမာပင်ကြီးအောက်က ခုံတန်းမှာ ထိုင်နေတာ မတွေ့ဘူးလား”

ဆရာဝန်လေးက ငေးကြည့်နေမိရင်းက သက်ပြင်းကြီးတစ်ချက်ချလိုက်သည်။ ထို့နောက် အဘိုးကို ဗီရိုပေါ်က ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။ အဘိုးက ရေကို ဖြည်းဆေးစွာသောက်နေသည်။

“အဘိုး … အဘိုးကို အဘွားက ခိုးခိုင်းတယ်ဆိုတော့ အရင်က ချစ်သူတွေလား”

“မဟုတ်ဘူး။ … ငါ သူ့ကို တစ်ခါမှ ချစ်တယ် ဆိုတာ မပြောဖူးဘူး”

“ဒါနဲ့များ အဘိုးကို ချက်ချင်း ခိုးခိုင်းရတာ နည်းနည်းများ …”

“မင်း အဲဒီလို တွေးမယ်ဆိုတာ ငါသိနေတယ်။ မိန်းမတစ်ယောက်က သူ့ကို ဘာမှမပြောရသေးတဲ့ သူတစ်ယောက်ကို ခိုးခိုင်းတယ်ဆိုတာ သာမာန်ကြည့်ရင် အပေါစားဆန်တဲ့ မိန်းမတစ်ယောက်လို့ ထင်ကောင်း ထင်မယ်။ ဒါပေမဲ့ သရဖီက အဲသည်လို မိန်းမမျိုး မဟုတ်ဘူးကွ”

“အဘိုးရယ် ကျွန်တော် ပြောချင်တာ အဲဒီလိုသဘောမဟုတ်ပါဘူး”

“ငါက သူ့ကို ဖွင့်မပြောပေမယ့် သူငှားဖတ်တဲ့ စာအုပ်တိုင်းဟာ သူ့ကို ချစ်ကြောင်း ပြောနေတဲ့ အကြောင်းအရာတွေချည်းပဲကွ။ ပြီးတော့ သူက ငါ့ကို စာအုပ်ပြန်ပေးတိုင်းလည်း သူကြိုက်တဲ့ စာသားလေးတွေကို မျဉ်းသားပြီး အဲဒီစာရွက်တွေကြားကို စံပယ်ပန်းလေးတွေ ညှပ်ပေးလိုက်တာ။ သူ မျဉ်းသားပေးလိုက်တဲ့ စာကြောင်းတိုင်း စာကြောင်းတိုင်းဟာ သူ ငါ့အပေါ်မှာ ဘယ်လိုတန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်နေတာပဲ။ ဒါကြောင့် တို့ ချစ်စကားတစ်ခွန်းမှ မပြောကြပေမယ့် တစ်ဦးနဲ့ တစ်ဦးကြားမှာ ပြောမပြနိုင်တဲ့ သံယောဇဉ်တွေက နှောင်ဖွဲ့ပြီးသားပဲ”

“အို … အဘိုးရယ်”

* * *

မောင်ကံက ကြောင်တောင်တောင်နှင့် ရပ်နေသည်။

“ကိုကံ … ကျွန်မသွားတော့မယ်။ ကျွန်မမှားသွားတယ်”

“ဘာမှားတာလဲ … ဘာမှ မမှားဘူး … ကိုယ် ဟုတ်မှ ဟုတ်ရဲ့လားလို့ စိတ်ထဲမှာ ထင်နေတာ”

သရဖီက မောင်ကံ၏လက်မောင်းကို ဆွဲလိမ်လိုက်သည်။

“ဟာ … နာတယ်ဗျ”

“အိပ်မက် မဟုတ်တာ ယုံပြီလား”

“သရဖီ … ဘယ်လို ပြောရမှန်းတောင်မသိဘူး”

“ကဲ … ကျွန်မ ရှင့်နောက်ကို ယုံကြည်စွာနဲ့ လိုက်မယ်။ ခေါ်မှာလား … မခေါ်ဘူးလား … ဒါပဲပြော”

“ခေါ်မှာ … ခေါ်မှာ … ဒါပေမဲ့ … လာ … ကိုယ်နဲ့လိုက်ခဲ့”

မောက်ကံက သရဖီ၏ လက်ကလေးကိုဆွဲပြီး မြစ်ဘက်ကို သွားနေသည်။ သရဖီက အံ့အားသင့်နေသည်။

“အစ်ကို … မြစ်ထဲကို ဘာသွားလုပ်မလို့လဲ”

“မဖြစ်နိုင်တဲ့ဘဝမှာ နှစ်ယောက်စလုံး မြစ်ထဲ ခုန်ချကြရအောင်”

“အို”

“ဘာလဲ ကြောက်နေသလား”

“အစ်ကိုနဲ့ဆိုရင် မကြောက်ဘူး။ လာလေ သွားကြမယ်။ ခုန်ချမယ်”

မောင်ကံက ပဲ့ထောင်ဂိတ်ကို ဆင်းသွားပြီး ပဲ့ထောင်သမားတစ်ယောက်ကို မေးလိုက်သည်။

“ဒါ တိုက်ကြီးဘက်ကိုသွားတဲ့ ပဲ့ထောင်လားဗျ”

“ဟုတ်ကဲ့”

“ပဲ့ထောင် ဒီနေ့ထွက်မှာလား”

“ထွက်တော့မယ်”

“ခဏစောင့်ပါလား … ကျွန်တော် ချောင်းဖျားမှာ တာဝန်ကျတဲ့ ကျောင်းဆရာပါ”

“ဟာ … ရွာကို တာဝန်ကျလာတဲ့ ဆရာလေးလား … မျှော်နေတာဗျ။ လာ … လာ”

“နေဦး … ကျွန်တော် အိပ်ရာလိပ်နဲ့ သေတ္တာပြန်ယူရဦးမယ်”

“စောင့်မယ် … စောင့်မယ် … ဘယ်မှာလဲ ကျွန်တော် လိုက်ယူပေးမယ်”

“ဝေးတယ်ဗျ … ကျွန်တော်ပြန်ယူမယ် … ပဲ့ထောင်ထဲမှာ သူ့ကို ထားခဲ့လို့ ရမလား”

“ရတာပေါ့ … ဆရာမပဲလား … လာလေ”

“ဆရာမ … မဟုတ်ဘူး … ဘယ်လိုပြောရမလဲဆိုတော့ … ဟိုလေ … ဟိုဒင်း”

“ကျွန်မက သူ့မိန်းမပါ”

“ဟာ ဆရာကတော် လာလေ”

မောင်ကံက သရဖီဘက်ကို လှည့်လိုက်ပြီး
“ဘယ်လိုပြောလိုက်တာလဲ”

“ဟင့်အင်း … ကျွန်မ မနေခဲ့ဘူး”

“ပဲ့ထောင်ထဲ နေခဲ့ပါ။ လုံခြုံတာပေါ့။ ကိုယ့်နောက်ကို လျှောက်လိုက်နေတာက တွေ့သွားမယ်လေ။ နောက်ပြီး ကိုယ့်အိမ်ကို ရှင်းပြရင် ပိုပြီး ရှုပ်ကုန်မယ်။ ကိုယ် အိပ်ရာလိပ်နဲ့ သေတ္တာ ပြင်ပြီးသား။ ဒီနေ့ပဲ တာဝန်ကျတဲ့ ရွာကို သွားမလို့။ ခုတော့ နေရင်းထိုင်ရင်း မိန်းမတစ်ယောက် ကောက်ရသလိုဖြစ်နေတယ်”

“ မနေခဲ့ချင်ဘူး။ အစ်ကို ပြန်မလာရင် ဘယ်လို လုပ်မလဲ”

“သရဖီ … ကိုယ့်ကို ယုံကြည်မှုနဲ့ ပုံအပ်လိုက်ပြီးပြီ မဟုတ်လား။ ထပ်ပြီး ယုံကြည်ပေးပါကွယ်။ ကိုယ် ချက်ချင်း ပြန်လာခဲ့မယ်”

မောင်ကံက သရဖီကို ပဲ့ထောင် ပေါင်းမိုးအောက် အရောက်ပို့ပေးပြီး အိမ်ပြန်လာသည်။ သရဖီက ကိုယ်လွတ် ထွက်လာသူဖြစ်သဖြင့် ဘာမှလည်း ပါမလာ။ လက်တွင် ပိုက်ဆံအိတ်လေးတစ်လုံးသာပါသည်။ နောက်မှ သိရသည်မှာ ဆွဲကြိုး၊ လက်ကောက်တွေကို ချွတ်ထားခဲ့သည်။ မှတ်ပုံတင်လေးနှင့် ပိုက်ဆံလေး နည်းနည်းထည့်ကာ မောင်ကံ၏နောက်ကို လိုက်ခဲ့ခြင်းဖြစ်သည်။

* * *

“အဘိုးက အဘွားကို တကယ်ခိုးသွားတာပေါ့”

“အဘိုးမှာ ရွေးချယ်စရာမရှိဘူး။ သူ့ကို စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ချစ်လည်း ချစ်တာကိုး”

“အဘွားက ဘာဖြစ်လို့ မျက်နှာမှာ ဖူးရောင်နေရတာလဲ”

“အင်း … သရဖီက ၉ တန်းအထိပဲ ကျောင်းတက်ဖူးတယ်။ ရည်းစားများလို့ ကျောင်းထုတ်ထားတာတဲ့။ အဲဒီနေ့က ကျောင်းဆက်တက်ချင်တယ်ပြောလို့ သူ့အဖေနဲ့ စကားများတယ်။ နောက်ဆုံး သူ့အဖေက သူ့ကို ခံပြောတယ်ဆိုပြီး ထိုးလိုက်တာ”

“ဖြစ်ရလေ အဘိုးရာ”

“ကောင်းပါတယ်လေ … သူ့စိတ်ထဲမှာ ခံပြင်းချက်တစ်ခုက အဘိုးတို့ကို ဖူးစာဆုံအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတာပေါ့”

“အဘိုးက ဒီလို မိန်းမတစ်ယောက်ကို ကောက်ရသလိုရလိုက်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်မနေဘူးလား”

“ရည်ရွယ်မထားဘဲ ရုတ်တရက် မိန်းမရလိုက်တော့ တစ်မျိုးတော့ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အိမ်ထောင်တစ်ခု ဖြစ်လာမှတော့ ရင်ဆိုင်ဖို့ဆုံးဖြတ်ရုံပဲရှိတော့တာ။ ငါ့မှာ ဘာမှန်းမသိတဲ့ နေရာတစ်နေရာကို စွန့်စားပြီး သွားနေရတယ်။ သရဖီကလည်း ဘာမှန်းမသိတဲ့ ငါ့အပေါ်မှာ ယုံစားပြီး လက်တွဲဖို့ ဆုံးဖြတ်ပြီး လိုက်လာခဲ့တာ နည်းတဲ့သတ္တိလား။ ပြီးတော့ သူက သူဌေးသမီး”

“သူဌေးသမီးဆိုတော့ အဘိုးတို့ အဆင်ပြေခဲ့သလား”

* * *

ပဲ့ထောင်လေးထွက်မှ သူတို့ တစ်ယောက်အကြောင်း တစ်ယောက်ပြောကြသည်။ မေးကြသည်။ မောင်ကံ၏ ပခုံးလေးကို မှီပြီး အိပ်နေသည့် သရဖီကို မောင်ကံက ပခုံးလေးဖက်ကြည့်သည်။ သရဖီက သူ့ရင်ခွင်ထဲ တိုးဝင် လာသည်။

“ကြောက်နေလား”

“ကြောက်ပါဘူး”

“ဟုတ်ရဲ့လား တုန်နေသလိုပဲ”

“ဟင့်အင်း … အစ်ကို သရဖီ့ကို မထားသွားပါနဲ့နော်”

“ဘယ်မှာထားသွားရမှာလဲ။ ဘယ်မှာမှ မထားခဲ့ချင်လို့ ခေါ်လာမှပဲ”

သူတာဝန်ကျသည့်ရွာကို တစ်နေကုန် ပဲ့ထောင်စီးလာပြီး မိုးချုပ်မှရောက်သည်။ ပဲ့ထောင်သမားက သူတို့နှစ်ယောက်ကို ရွာလူကြီးအိမ်ကို ခေါ်သွားသည်။

“လင်မယားလား”

“ဟုတ်ကဲ့”

“ဒါဆိုရင် ဆရာတို့လင်မယားက အခန်းထဲ အိပ်ကြ။ နောက်နေ့မှ ကျွန်တော်တို့ ဆရာတို့နေဖ်ို့ အိမ်ကို စီစဉ်ပေးမယ်။ ဒီညတော့ ဖြစ်သလိုပေါ့နော်”

ဘာဖြစ်ဖြစ် လင်မယားဆိုသည်ကို လက်ခံလိုက်ရသည်။ ဤသို့ဖြင့် မောင်ကံနှင့် သရဖီ အကြင်လင်မယား ဖြစ်သွားကြသည်။ မင်္ဂလာမဆောင်၊ နှစ်ဖက်မိဘမစုံ၊ လူမသိ ရှင်မကြား လင်မယားဖြစ်သွားခဲ့ကြသည်။

သရဖီနှင့် မောင်ကံကို ရွာက အိမ်တစ်လုံး သီးသန့်စီစဉ်ပေးသည်။ အိုးခွက်မပါ၊ အဝတ်အပိုမပါ၊ စောင်မပါ၊ ခေါင်းအုံးမပါ။ ညအိပ်လျှင် မောင်ကံ၏ ပုဆိုးတစ်ထည်ကို သရဖီကဝတ်သည်။ မနက်မှ ထဘီကိုပြန်လဲသည်။ ဟိုကတောင်း သည်ကတောင်း ထမင်းချက်ဖို့ အိုးနှင့် ဒယ်အိုးလေးတစ်လုံးရလာသည်။ နောက်ပိုင်း ထမင်းပန်းကန်လေးတွေ လာပေးကြသည်။ သရဖီတွင်လည်း ထဘီအပိုလေးဖြစ်လာသည်။ အင်္ကျီကတော့ မောင်ကံ၏ ယောက်ျားအင်္ကျီတွေကို ယူဝတ်ရသည်။

* * *

“အဘွားသရဖီက အတော်လေး သည်းခံနိုင်တာပဲနော်”

“ရှားတယ် … တကယ့်ကိုရှားတယ်။ သူဌေးသမီးသာဆိုတယ် အရမ်းဒုက္ခဆင်းရဲခံတယ်။ သူက အဘိုးကို မျက်စိအောက်ကကို အပျောက်မခံတာ။ ကျောင်းမှာ စာသွားသင်နေလည်း လိုက်လာတယ်။ သိပ်ကို ဒုက္ခခံနိုင်တယ်”

အဘိုးက မောသွားပုံရသည်။ မျက်လုံလေးမှေးလိုက်သည်။ ဆရာဝန်လေးက
“အဘိုး အိပ်ရာပေါ်လှဲလိုက်ပါ။ အိပ်ရင်းပြောပေါ့”

“ကောင်းသားပဲ”

အဘိုးက အိပ်ရာပေါ်လှဲလိုက်သည်။ အညာစောင်လေးကို စမ်းလိုက်သည်။ ဆရာဝန်လေးက အညာစောင်လေးကို ခြုံပေးလိုက်သည်။

“အဘိုးပြောတဲ့အထဲမှာ ဒီစောင်လေးအကြောင်း မပါသေးဘူးနော်”

“လာမယ် … လာမယ်။ ငါတို့မှာ နှစ်ယောက်ပေါင်းမှ စောင်တစ်ထည်တည်းရှိတယ်။ စောင်ကလည်း ရိုးမရဲ့ အအေးဒဏ်ကို လုံအောင် မလုပ်ပေးနိုင်ဘူး။ အေးလွန်းလို့ မီးဖိုဘေးမှာ တစ်ညလုံးထိုင်ခဲ့ရတာတွေတောင် ရှိတယ်။ နောက်ဆုံး နည်းရှာရတော့တာပဲ”

“အဘိုး ပထမဆုံးလစာနဲ့ ဒီစောင်လေးကို ဝယ်တာဆို”

“အေးလွန်းတော့ တို့လင်မယားနှစ်ယောက် တစ်ခုခုကြံရတယ်။ မေတ္တာခြုံရင် လုံတာပဲဆိုပေမယ့် ရိုးမရဲ့ အအေးကတော့ တို့နှစ်ယောက်ကို ကြာရင်ဝေးအောင်လုပ်တော့မယ်။ သရဖီက ကျန်းမာရေး ညံ့လာတယ်။ ဒါကြောင့် ငါတစ်ခုကြံရတယ်။ ရွာထဲက ကုန်စုံဆိုင်မှာ ဂုန်နီအိတ်လေးလုံးလောက် အကြွေးနဲ့ဝယ်ရတယ်။ ဆန်ထည့်တဲ့ဂုန်နီအိတ်တွေကို နေထုတ်လှမ်းပြီး ခါရတယ်။ ညဆိုရင် ဂုန်နီအိတ်ထဲကို ခြေထောက်တွေသွင်းပြီး အောက်ကလည်း ဂုန်နီအိတ်ခင်း အိပ်ကြတယ်။ အဲဒီတော့မှ အတော်လေး ဟုတ်သွားတယ်”

“အဘိုးရယ် ဖြစ်ရလေ စိတ်မကောင်းလိုက်တာ”

“ငါက သူ့ကို သနားတာကွ။ တိုက်ကြီးပေါ်ကနေ ကောင်းကောင်းနေ ကောင်းကောင်းစားလာတဲ့ မိန်းမက ခုဆိုရင် ငါနဲ့ ဂုန်နီအိတ်စွပ်ပြီး ပျော်မွေ့နေတာလေ”

“အဘိုးတို့က တကယ့်ကို … တကယ့်ကို”

“တကယ့်ကို ချစ်ကြပါတယ်ကွယ် … တကယ့်ကို ချစ်ခဲ့ကြတာပါ။ လကုန်တော့ မြို့တက်ပြီး လစာထုတ်တယ်။ သူ့ကို ထားခဲ့ရတယ်။ ငိုလိုက်တာလေ။ ငါ့ပထမဆုံး လစာလေးနဲ့ အညာစောင်လေးတစ်ထည် ဝယ်ခဲ့တယ်။ သူ့အတွက် ပါတိတ်ဆေးဆိုးပန်းရိုက်လေးတစ်ထည် ဝယ်လာပေးတယ်။ အဲဒီထဘီလေးကို သူ့ရဲ့နောက်ဆုံးအချိန်မှာ ထည့်ပေးလိုက်တယ်”

“အဘွားက ဘာဖြစ်လို့ ဆုံးသွားတာလဲအဘိုး”

“သမီးလေး ၈ နှစ်သမီးလောက်မှာ ဆုံးသွားတာပဲ။ ဘာကြောင့် ဆုံးသလဲဆိုရင် ဆင်းရဲတာကြောင့်လို့ ပြောရမှာပေါ့။ စားချင်တိုင်း မစားရ၊ နောက်ဆုံး ရောဂါဖြစ်တာတောင် ဆေးမကုနိုင်လို့ ဆုံးသွားရသပေါ့”

“အဘွားက သူ့မိဘတွေဆီကို မသွားဘူးလား”

“ငါနဲ့ ညားပြီးကတည်းက မြို့ကို တစ်ခေါက်ပဲ ပြန်လာတယ်။ အဲဒါလည်း ဆေးရုံကိုလာပြဖို့ အတင်းခေါ်လာလို့။ သူ့မိဘတွေဆီကို လိုက်ပို့လို့လည်း တစ်ခွန်းမပြောဘူး။ သွားချင်လိုက်တာလို့လည်း မပူဆာဘူး”

“ဖြစ်ရလေ အဘိုးရယ်”

“အရမ်း စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမကွ။ အရမ်းမာတယ်။ သူ့ဘဝမှာ ငါနဲ့ သမီးလေးရှိနေရင် ပြီးပြည့်စုံနေပြီလို့ ယူဆထားတာ။ ဘာမှကို စိတ်ထဲမထားတာ။ သူ့ဘဝဟာ ငါနဲ့ သမီးလေးပဲ”

“ဒေါ်သရဖီအိမ်ကရော လိုက်မရှာဘူးလား”

“သူ့ကို အမွေပြတ်လို့ သတင်းစာထဲ ထည့်ကြော်ငြာထားတာကို ငါ ဖြတ်သိမ်းထားတယ်။ သူ့ကို မပြဘူး”

“အဘွားသေတော့ အဘိုးက သူ့မိဘတွေကို သွားပြောသေးလား”

“အင်း … သူတို့မြေးလေးကိုခေါ်ပြီး အကျိုးအကြောင်း သွားပြောတယ်။ သရဖီသိရင် စိတ်ဆိုးမယ်။ ဒါပေမဲ့ ငါ့မှာ ပြောဖို့တာဝန်ရှိလို့ သွားပြောတာပဲ။ သူ့အဖေက ဘာပြန်ပြောလိုက်သလဲ သိလား”

“ဘာပြောလိုက်သလဲအဘိုး”

“သေသွားတော့ အေးသွားတာပေါ့တဲ့”

“အို”

* * *

အဘိုးအိုက စောင်လေးကို လက်နှင့် တင်းနေအောင်ဆုပ်ထားပြီး မှိန်းနေသည်။ ဆရာဝန်လေးက ကြည့်လိုက်သည်။ အဘိုးက မောနေပုံရသည်။ ငြိမ်သက်စွာ အိပ်နေသဖြင့် သူက ဆေးရုံကို တစ်ပတ် ပတ်ကြည့်လိုက်သည်။

မနက် ၄ နာရီထိုးပြီ။ ဆရာဝန်လေးက အဘိုးဆီ တစ်ခေါက်ရောက်လာသည်။

“အဘိုး … အဘိုး … အိပ်ပျော်သွားလား”

“ဟင် … သရဖီ ဘယ်ရောက်သွားလဲ”

“တစ်နေရာရာမှာ ရှိမယ်ထင်တယ်အဘိုး”

“ခုနကပဲ ငါ့ကို စကားတွေ လာပြောသွားသေးတယ်။ စောင်လေးကို သူများ ပေးလိုက်တဲ့”

“ဒီစောင်ကိုလားအဘိုး”

“ဟုတ်တယ်။ သူဆုံးမယ့်ညက ငါ သူ့ကို ဒီစောင်လေး ခြုံပေးထားတာ။ သူက သေခါနီးမှာ စောင်လေးကို ငါ့လက်ထဲထည့်ပြီး၊ သူသေရင် ဒီစောင်ကို မထည့်ပေးလိုက်နဲ့လို့ ပြောသွားတာ”

“ဒါဆိုရင် အဘိုး ဘယ်သူ့ကို ပေးမလဲ”

“သမီးကို ပေးကြည့်ပါဆရာ။ သူ မယူရင်တော့ တစ်ယောက်ယောက်ကိုပေးလိုက်ပါ။ ဆရာ …”

“ဘာလဲအဘိုး ဘာပြောမလို့လဲ”

“စောင်လေးကို ခေါက်ပေးပါလား”

ဆရာဝန်လေးက အဘိုးအပေါ်တွင် ခြုံထားသည့် စောင်လေးကို ဆွဲယူလိုက်ပြီး ခေါက်ပေးလိုက်သည်။ အဘိုးက သူ့ရင်ဘတ်ကို ပုတ်ပြသည်။ ဆရာလေးက အဘိုးရင်ဘတ်ပေါ် စောင်ခေါက်လေးကို တင်လေးလိုက်သည်။ အဘိုးက စောင်လေးကို ပွေ့လိုက်ပြီး ငြိမ်သက်သွားသည်။

* * *

အမှန်အတိုင်းပြောရလျှင် ကျွန်တော်သည် ကြောက်တတ်သူတစ်ယောက်မဟုတ်ပါ။ လူအို၊ လူနာ၊ လူသေ အားလုံးကို နေ့စဉ်ကြုံတွေ့နေရသဖြင့် ကျွန်တော့်အတွက် ထူးဆန်းလှသည်လည်း မဟုတ်ပါ။ ဆရာကြီး ဦးကံနှင့် ကျွန်တော် စကားပြောရချိန်မှာ နာရီပိုင်းသာရှိသည်။ ဆရာကြီးက နောက်ဆုံးရင်ဖွင့်စကားတွေကို တစ်ဝကြီး ပြောသွားသည်။ ကျွန်တော်သည် အဘိုးအိုများအပေါ် အလွန်စာနာသည်။ သူတို့က စကားတွေ ပြောချင်ကြသည်။ သို့သော် သူတို့စကားကို နားထောင်သူ ရှိချင်မှ ရှိနိုင်သည်။ မည်သို့ဆိုစေ စာရေးဝါသနာပါသည့် ကျွန်တော့်အတွက်တော့ သူတို့ရင်ဖွင့်သံကို နားထောင်ရသည်မှာ တန်ဖိုးရှိလှသည်။ သို့သော် ဆရာကြီး ဦးကံလို ဇာတ်လမ်းမျိုးကိုတော့ တစ်ကြိမ်မှ နားမထောင်ခဲ့ဖူးပါ။

ယနေ့ညဂျူတီကို ဝင်ပြီးချိန်ကတည်းက တစ်ချက်မှာ မနားရပါ။ ကားတိုက်လာသည့်လူနာ၊ မီးလောင်လာသည့် လူနာ၊ ရန်ဖြစ်လာသဖြင့် ဓားထိုးဒဏ်ရာရလာသည့်လူနာတွေနှင့် စစ်ခင်းရင်း ည ၁၂ နာရီလောက်မှ နားရတော့သည်။

ကျွန်တော်အခန်းအတွင်းထိုင်ရင်း ကော်ဖီတစ်ခွက် ဖျော်သောက်လိုက်သည်။ ဖတ်လက်စ စာအုပ်ကိုဖွင့်ဖတ်ရန် ပြင်လိုက်ချိန်တွင် နှာခေါင်းထဲက အနံ့တစ်ခုကို ရလိုက်သည်။ ပန်းနံ့လိုလို အနံ့ရသဖြင့် ပန်းအိုးများ ထိုးထားသလား လျှောက်ကြည့်မိသည်။ ဆေးရုံလိုနေရာမျိုးတွင် နေ့တိုင်းရနေသည့် အနံ့တွေက ကျွန်တော့်အဖို့ ရိုးနေပြီ။ ဤရနံ့က နေ့တိုင်းမရသည့် အနံ့မျိုး။ စံပယ်ပန်းနံ့လိုလို။

ကျွန်တော်က စာထဲတွင် အာရုံစိုက်နေမိသည်။ နှာခေါင်းထဲကို အနံ့တစ်ခုဝင်လာသည်။ စံပယ်ပန်းရနံ့မဟုတ်တော့။ သနပ်ခါးနံ့ဖြစ်သည်။ ဤအနံ့မျိုးကို ကျွန်တော် ကောင်းကောင်းသိသည်။ ကျွန်တော့်အဘွား၏ အနံ့မျိုး ဖြစ်သည်။ အဘွားက သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းတတ်သည်။ တောင်နံကြီး၊ တောင်နံကတိုး၊ နံ့သာဖြူ၊ ကရမက်အမြစ်၊ အခေါက်ပေါင်းစုံ အဘွားအနားတွင်ရှိသည်။ ကျွန်တော်က အဘွားဆီက မုန့်ဖိုးလိုချင်လျှင် သနပ်ခါးသွေးပေးရသည်။ ထို့ကြောင့် လူကြီးရနံ့နှင့် တွဲနေသော သနပ်ခါးနံ့လေးတွေအကြောင်း ကျွန်တော် ကောင်းကောင်းသိသည်။

ကျွန်တော့်ဝန်းကျင်က ဆရာမလေးတွေထဲတွင် ဤသနပ်ခါးမျိုးတွေ လိမ်းမည့်သူလည်းမရှိ။ အဘယ်ကြောင့် သနပ်ခါးရနံ့တွေက မွှေးနေသနည်း။ ကျွန်တော်က လေတစ်ချက်ဝေ့တိုက်လာသဖြင့် ပြတင်းပေါက်တံခါးကို ထပိတ်လိုက်သည်။ ကျွန်တော့်နောက်ကျောက ဗီရိုပေါ်တွင် တင်ထားသည့် ဆရာကြီး၏စောင်ခေါက်လေးက တဖျပ်ဖျပ်လှုပ်နေသည်။ ထိုအချိန်မှ သတိရသွားသည်။ မနက်ဖြန် ဆရာကြီး အသုဘချမည့်နေ့ပါလား။

ကျွန်တော် ဆရာကြီးဦးကံ၏ အသုဘကိုပို့ရင်း မရောက်တာကြာပြီဖြစ်သည့် အဖေ့အုတ်ဂူလေးဆီကိုလည်း ဝင်ခဲ့ရဦးမည်။

* * *

ညက တစ်ညလုံးလိုလို မအိပ်ရသဖြင့် နေမြင့်မှ အိပ်ရာကနိုးသည်။ ကျွန်တော်က ရေမိုးချိုး၊ စားသောက်ပြီး နောက် ဆေးရုံကိုတစ်ခေါက်လာခဲ့သည်။ ဗီရိုပေါ်က စောင်ခေါက်လေးကို ဝင်ယူခြင်းဖြစ်သည်။

ပလတ်စတစ်အိတ်တစ်လုံးထဲကို အညာစောင်ခေါက်လေးအား ထည့်လိုက်သည်။ ယခုမှ သတိထားလိုက်မိသည်။ နံ့သာဖြူရနံ့က အညာစောင်ခေါက်လေးဆီက ဖြစ်နေသည်။ ကျွန်တော့်ကားထဲတွင် နံ့သာဖြူ ရနံ့လေးက မွှေးနေသည်။ ကွယ်လွန်သွားသည့် အဘွားကို သတိရမိသည်။ ဆရာကြီး၏ ဆန္ဒအတိုင်း ဤစောင်ခေါက်လေးကို သူ့သမီးအား ပေးရန်ဖြစ်သည်။ သူတို့ကို လာတောင်းလိမ့်မည်ဟု ထင်ထားသည်။ သို့သော် လာပြီး မတောင်းခဲ့ပါ။

သင်္ချိုင်းကို တိုက်ရိုက်ကားမောင်းခဲ့သည်။ အဖေ့အုတ်ဂူဆီကိုသွားပြီး မြက်လေးတွေရှင်းပေးသည်။ အဘွားအုတ်ဂူနှင့် အဖေ့အုတ်ဂူက ဘေးချင်းယှဉ်ထားသည်။ ကျွန်တော်က အဖေနှင့် အဘွားကို ကန်တော့ပြီး အုတ်ဂူတန်းကြီးကို ငေးနေမိသည်။ လူတိုင်း တစ်နေ့ ရှောင်လွှဲ၍မရသောနေရာ၊ အားလုံး လာကြရမည့်နေရာဖြစ်သည်။

“နောင် ဝေ ဝေ”

ကြေးစည်သံကြားလိုက်ရသဖြင့် ကျွန်တော် ဆတ်ခနဲဖြစ်သွားသည်။ သင်္ချိုင်းထဲကို ကားတွေဝင်လာသည်။ ကားတန်းက ရှည်သည်။ ကျောင်းဆရာကြီးတစ်ယောက်ဖြစ်ခဲ့သဖြင့် တပည့်တွေပေါများလှသည်။ ပန်းခွေတွေ၊ ပန်းခြင်းတွေလည်း ကိုင်ထားကြသည်။ တပည့်တွေ၊ ဆရာတွေက ကားပေါ်မှ အခေါင်းကို မချနေကြသည်။

ဆရာကြီး ဦးကံ (အသက် ၈၆ နှစ်)

“ဘဝမှာ သူ့အတွက် လွမ်းရက်က နှစ် ၅၀ ကျော်ပါတယ်ကွယ်”

ကျွန်တော့်နားထဲကို လာပြောလိုက်သလို ပြန်ကြားနေခြင်းဖြစ်သည်။ ဆရာကြီးက ကျွန်တော့်ကို နောက်ဆုံးညတွင် သရဖီကို နှစ်ပေါင်း ၅၀ ကျော်လွမ်းနေခဲ့ရပုံများကို ပြောပြသည်။

“အဘိုး အဘွားသရဖီကို ဘာလို့ချစ်တာလဲ”

ကျွန်တော်က မမေးသင့်သော်လည်း အလွန်သိချင်သောကြောင့် အရဲစွန့်ပြီး မေးလိုက်ခြင်းဖြစ်သည်။

“အချစ်ဆိုတာ မောင်ရင် ဘယ်လို နားလည်ထားသလဲ”

အဘိုးက ကျွန်တော့်ကို ပြန်မေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော် အဘိုးကို ပြန်မပြောနိုင်ခဲ့ပါ။ နှုတ်ဆိတ်ပြီး ပြုံးနေခဲ့သည်။

“မင်းမှာ အပျော်ဆုံးအချိန်တွေရှိခဲ့ဖူးသလား”

“ရှိဖူးတာပေါ့အဘိုး”

“ဘယ်အချိန်တွေလဲ”

“စာမေးပွဲအောင်တဲ့အချိန်တွေပေါ့”

“အောင်ပြီးတော့ရော ဆက်ပျော်သေးလား”

“အင်း … ဘယ်လိုပြောရမလဲ မသိဘူး။ နောက်ပိုင်းတော့ ဒါကို ပျော်စရာလို့ မထင်ပါဘူး”

“စာမေးပွဲအောင်လို့ ပျော်တာဟာ ယေဘုယျပျော်တာလောက်ပါကွယ်။ ဒီမှာ မှတ်ထား၊ လောကကြီးမှာ ကိုယ်က ချစ်နေရတာနဲ့ ကိုယ့်ကိုပြန်ပြီး အချစ်ခံရတာ အပျော်ဆုံးပဲ … သိလား”

ကျွန်တော် အဘိုးပြောသည့်စကားကို ဘာမှပြန်မပြောနိုင်။ ထိုင်ပြီး ငိုင်ကာ စဉ်းစားနေမိသည်။

“ငါ သရဖီကို ဘာကြောင့်ချစ်သလဲသိလား။ ချစ်စရာကောင်းလို့ကိုချစ်တာ၊ ငါ့ကိုချစ်နေတဲ့သူမို့လို့ချစ်တာ”

အဘိုးဒဿနက ရိုးရိုးလေးဖြစ်သည်။ ကျွန်တော့်တွင်လည်း ချစ်သူတစ်ယောက် ရှိခဲ့ဖူးသည်။ ကျွန်တော်တို့ ချစ်သည်တော့ထင်သည်။ သို့သော် ချစ်လျှင် အပြစ်မမြင်တော့မဟုတ်။ ချစ်လေ အပြစ်တွေမြင်လေ ဖြစ်နေသည်။ အပြစ်တွေမြင်တိုင်း ပြင်နိုးနိုးဖြင့် ထောက်ပြသည်။ ထောက်ပြလေ ဝေးလေဖြစ်သွားသည်။ သူကလည်း ကိုယ့်အပြစ်တွေကိုပြောသည်။ ကိုယ်ကလည်း သူ့အပြစ်တွေကိုပြောသည်။ အပြစ်တွေက ပြောရင်းနှင့် တစ်ခု မပြီးမီ နောက်တစ်ခုရောက်လာသည်။ အိမ်ထောင်ရေးဆိုသည်က adjust လုပ်ရသည်။ ထိုအဆင့်ကိုမရောက်။ နောက်ဆုံး ကျွန်တော်တို့ ဝေးခဲ့ရသည်။

ကျွန်တော်က ရိုးရိုးလေး အဘိုးတို့လို ချစ်ကြည့်ချင်သည်။ အဘိုးတို့ကို အားကျသည်။

“အဘိုး တစ်ခါမှ အဘွားနဲ့ ရန်မဖြစ်ခဲ့ဖူးလား”

“ဟင့်အင်း”

“ဟုတ်ရဲ့လားအဘိုး”

“မောင့်မျက်နှာ တစ်ရွာမှတ်ထင်ပြီး လိုက်လာတဲ့ မိန်းမတစ်ယောက်ကို စိတ်မဆိုးကောင်းဘူးသိလား။ ချစ်ရင် အပြစ်မမြင်တာမဟုတ်ဘူးမောင်ရင်လေး … သိလား။ ချစ်ရင် … ဘာမှကို အပြစ်ဆိုတာ မရှိမှ တကယ်ချစ်တာ”

ကျွန်တော်က အဘိုးစကားကို ပြန်ကြားယောင်နေမိခြင်းဖြစ်သည်။

“နောင် … ဝေ … ဝေ”

“အမျှ … အမျှ … အမျှ ယူတော်မူကြပါ”

“သာဓု … သာဓု … သာဓု”

ထူးဆန်းလှသည်။ ဤအသုဘပွဲတွင် ငိုသံတွေ မကြားရခြင်းဖြစ်သည်။ ရှေ့ဆုံးတွင် ထိုင်နေသည့် ဆရာကြီးသမီး၏ မျက်နှာတွင် ပူဆွေးပုံတော့ပေါက်နေသည်။ နောက်နားတွင် လူတွေက သူတို့ပြောချင်တာကို ပြောနေကြသည်။ အသုဘပွဲတွင် တဟီးဟီး တဟားဟား လာလုပ်နေသူတွေလည်း ရှိသည်။ ယပ်တောင် နှစ်ချောင်းကို ခါးကြားထိုးပြီး နောက်တစ်ချောင်းထပ်တောင်းသူလည်း တွေ့ရသည်။ လူတွေက အသုဘပွဲကို ဝမ်းနည်းစိတ်ဖြင့် လာပုံမပေါ်။ မလွှဲသာ မကောင်းတတ်သောကြောင့် လာနေသလိုဖြစ်နေသည်။ တရားပွဲက မပြီးသေး ကားတွေပေါ်တက်ပြီး နေရာယူသူတွေက ယူနေကြပြီ။

“ခွမ်း”

ရေအိုးလေးတစ်အိုးကို ပစ်ခွဲလိုက်ကြသည်။ အိုးပဲ့တစ်စက ကျွန်တော့်ခြေထောက်ကို လာထိသည်။ အခေါင်းကို လူတစ်စုက ထမ်းလာကြသည်။ သူတို့ ဆရာကြီးကို ဂူသွင်းသင်္ဂြိုဟ်မည့်နေရာကို ထမ်းသွားကြပေလိမ့်မည်။ ကျွန်တော်က ဆရာကြီးသမီးအနီးကို ကပ်သွားလိုက်ပြီး
“အစ္မ”

“သြော် ဆရာလည်း အသုဘ လာပို့သလား”

“ဟုတ်ကဲ့ … ဒီမှာအစ်မ … ဆရာကြီးရဲ့စောင်လေး။ မသေခင်က အစ်မကို ပေးလိုက်ပါလို့ မှာခဲ့လို့ပါ”

အမျိုးသမီးကြီးက ကျွန်တော့်ထံက စောင်ကို လှမ်းမယူပါ။ သူ့စိတ်ထဲတွင် တစ်ခုခုဖြစ်နေသလိုမျိုးဖြင့်
“ဟင့်အင်းဆရာ … ကျွန်မတို့ မယူတော့ပါဘူး။ ဆရာ့သဘောပါ”

စောင်ထုပ်လေးကို ကိုင်ကြည့်ဖော်ပင်မရ။ ကျွန်တော် စိတ်ဓာတ်ကျသွားသည်။

“ဆရာကြီးက တစ်ခုတော့ ပြောခဲ့ပါတယ်။ အစ်မတို့ မယူရင် တစ်ဦးဦးကို ပေးလိုက်ပါတဲ့”

“အင်းလေ … ပေးလိုက်ပေါ့ဆရာ”

ကျွန်တော် လူအုပ်နောက်ကို ဆက်မလိုက်ဖြစ်တော့။ စောင်ထုပ်လေးကို ကိုင်ထားရင်းက ဘာဆက်လုပ်ရ မှန်းမသိဖြစ်နေသည်။ ပလတ်စတစ်အိတ်လေးကို ဖွင့်ကြည့်လိုက်ရာ နံ့သာဖြူသနပ်ခါးနံ့လေးက သင်းပျံ့လာသည်။ စောင်လေးနှင့်အတူ ရှိနေသည့် ရနံ့ဖြစ်သည်။ အဘိုးနှင့် ကျွန်တော် တစ်ညလုံး ရှိနေစဉ်က ထိုအနံ့မရ။ အဘိုးဆုံးပြီးနောက်ပိုင်းမှ အဘယ်ကြောင့် သနပ်ခါးနံ့လေးက သင်းနေရသနည်း။

ကျွန်တော် အနီးပတ်ဝန်းကျင်ကို လှမ်းကြည့်သည်။ ကလေးတွေ ဂျင်ပေါက်နေကြသည်။ ကျွန်တော် ဤစောင်လေးကို ပေးရမည်ကို စိတ်ထဲတွင် နှမြောနေမိသလိုလိုဖြစ်နေသည်။ လူတွေက ပြန်ထွက်လာကြသည်။ ကားတွေပေါ်တက်သူတွေ တက်နေပြီ။ သူတို့မျက်နှာတွေက ပူဆွေးသောကရောက်ပုံမပေါ်။ ပျော်ပျော် ပါးပါးနှင့် တာဝန်ကျေ ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ပြီးသောကြောင့် ပေါ့ပါးသွားပုံရနေသည်။

“ဆရာ မပြန်သေးဘူးလား”

ကျွန်တော့်ကို ဆရာကြီးသမီးက နှုတ်ဆက်သွားခြင်းဖြစ်သည်။ သူတို့ကားလေးထွက်သွားသည်ကို ကျွန်တော် ငေးကြည့်နေမိသည်။
ကျွန်တော် အပြေးလေး ထွက်လာခဲ့သည်။ ဆရာကြီး အုတ်ဂူဆီသို့ဖြစ်သည်။ ဂူဘေးတွင် ဆရာကြီး၏ သားမက် ဖြစ်ပုံရသူတစ်ယောက်သာ ပန်းရန်သမားတွေနှင့် ရှိနေသည်။

“ဟင် … ဆရာ မပြန်ရသေးဘူးလား”

“ဟုတ်တယ် … ကျွန်တော် အဘိုးအတွက် တစ်ခု ပေးလိုက်ချင်လို့”

“ဘာများလဲ ဆရာ”

“အဘိုး အုတ်ဂူထဲကို ဒီစောင်လေး ထည့်ပေးလိုက်ပါဗျာ။ ဒီစောင်က ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး”

“ပေးလေ ဆရာ … ဂူက ပိတ်တော့မှာ။ အခေါင်းပေါ်ပဲ တင်ပေးလိုက်ရအောင်နော်”

“အင်းပေါ့”

အဘိုးအညာစောင်ခေါက်လေးကို ကျွန်တော်က ပလတ်စတစ်အိတ်ထဲက ထုတ်လိုက်သည်။ ထို့နောက် ပန်းရန်သမားတွေကို လှမ်းပေးလိုက်သည်။ ပန်းရန်သမားတွေက အဘိုး၏ အခေါင်းအပေါ်ကို စောင်ခေါက်လေးအတိုင်း တင်ပေးလိုက်သည်။ ထို့နောက် အုတ်တွေကို တစ်ချပ်ချင်း ပိတ်လိုက်သည်။ ဘိလပ်မြေနှင့် အချောကိုင်သည်။

အဘိုးအနေဖြင့် ကျွန်တော့် လုပ်ဆောင်ချက်ကို နားလည်သဘောပေါက်မည်ထင်ပါသည်။

________________
တင်ညွန့်
Photo:Credit:


No comments:

Post a Comment