တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုဒီးဆိုတဲ့ လူတစ်ယောက်ရှိတယ် ။
တစ်နေ့မှာ ကိုဒီးဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး လမ်းစရိတ်တွေပြတ်ကာ
အစာရေစာကလည်း မစားရနဲ့ အဝတ်အစားတွေကလည်း စုတ်ပြတ် ညစ်ပေနေတာပေါ့
ဒီလိုနဲ့ “ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တစ်အိမ်ဝင် တစ်အိမ်ထွက် စားစရာလိုက်တောင်း တော့တယ် ။
“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်ကျွေးပါခင်ဗျာ ကျွန်တော် ခရီးသွားရင်း လမ်းစရိတ်ပြတ်လာလို့ပါ ”
လူတွေက သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့
အဝတ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲလို့
ထင်ခဲ့ ကြတော့တယ် ။
တစ်အိမ်ကဆို သူ့ကို “ဝေးဝေး သွားစမ်း”လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ်ခဲ့တယ် ။
ဒါကြောင့် တစ်နေ့လုံး ကိုဒီးတစ်ယောက် ဘာကိုမှ မစားရဘူး ။
နောက်တစ်နေ့ရောက်တော့ ..
သူဌေးတစ်ယောက်က အစားအသောက် ပေးစရာပါမလာ ပေမယ့် လမ်းမှာလျှောက်သွားနေတဲ့ ကိုဒီးကို အင်မတန်မှ တန်ဖိုးရှိတဲ့ အဝတ်အစားတစ်စုံ ပေးကမ်းလိုက်ခဲ့တယ် ။
တန်ဖိုးကြီး အဝတ်သစ်တွေကိုဝတ်ပြီး အရင်နေ့လိုပဲ ကိုဒီး စားစရာ ရလိုရငြား လိုက်တောင်းခဲ့ပြန်တယ် ။
မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း “ဒီနေ့ ထပ်တောင်းကြည့်ဦးမှ”လို့ စိတ်ကူး ရပြီး –
“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်…” ကိုဒီးပြောစကားမဆုံးခင်မှာပဲ အိမ်ရှင်အမျိုးသမီး....
သူ့ရဲ့ ဝတ်စားထားပုံကို ကြည့်ပြီး
“ကြွပါရှင် . .
ဘယ့်နှယ် တံခါးအဝမှာ ရပ်နေရပါလိမ့်. .
အိမ်ထဲကို ဝင်ပါရှင့်”လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်းဧည့်ခံပါ တော့တယ် ။
စားပွဲပေါ်မှာ အသီးနံနဲ့ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့်. .
ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မုန့်တစ်ခုကို လက်နဲ့လှမ်းယူပြီး သူ့အဝတ် အစားတွေကို ကျွေးခဲ့တယ် ။
“ စား…စား…”
အိမ်ရှင်အမျိုးသမီးက ကိုဒီးရဲ့ အပြုအမူမြင်တော့-
“မဟုတ်တာရှင် အမောင်လုလင်ရယ် အဝတ်အစားက ဘယ်စားပါ့မလဲ၊ ဘာကြောင့် ကျွေးရတာလဲရှင့်”လို့ မေးလိုက်တယ်တဲ့ အဲ့အခါ ကိုဒီးက မျက်ရည်တွေတွေကျပြီး ပြန်ဖြေခဲ့တယ်။
“ဒီအဝတ်အစား သစ်သစ်လွင်လွင်နဲ့ တန်းဖိုးရှိလွန်းတာကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ. .
မနေ့က ကျွန်တော် ဒီအိမ်ကို အစာနည်းနည်းလောက် လာတောင်းတုန်းက ခွေးမောင်းသလို မောင်းထုတ်ခံ ခဲ့ရတယ်. .
ဒါကြောင့် ဒီအဝတ်အစားတွေကို ကျွန်တော် ကျေးဇူးတင်လွန်းလို့
သူနဲ့ ထိုက်တန်တဲ့အစာတွေကို ကျွေးနေတာပါ ဗျာ” တဲ့
ဒီပုံပြင်လေးရဲ ပေးချင်သော သင်ခန်းစာက
လူအများစုဟာ တစ်ပါးသူရဲ့ အပေါ်ယံ အပြင်အဆင်ကို ကြည့်ပြီး
အဆင့်အတန်း ခွဲခြားတတ် တယ် ။
ခြင်းတောင်းတစ်လုံးမှာ အနားကွပ်ထားတာ မရှိရင် လှပသေသပ်မူ့ မရှိသလို ခိုင်ခံ့မှုလည်းမရှိပါဘူး။
လူမှာကတော့ အဝတ်ထည် အရေးကြီးဆုံးပဲ ဆိုတာ အထက်မှာဖေါ်ပြခဲ့တဲ့တိုင်း သင်ခန်းစာအဖြစ်ယူပါ။
မြန်မာ့ စကားပုံ တစ်ခုကို ပုံပြင်အဖြစ် ပြောင်းလဲ ဖေါ်ပြပေးလိုက်ပါသည်။
Credit: မူရင်း
▼
No comments:
Post a Comment