Thursday, January 6, 2022

"သင်ယူရမယ့် အရာတွေ"


(၁) စိတ်ဓာတ်ကို မာမာထားပါ။ 
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။
(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။ 
(၃) ကိုယ့်ကိုယ်ကို လေးစားပါ။ 
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ 
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။
(၄) ငွေဆိုတာ ရေလိုပဲ။ 
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။
(၅) အရာဝတ္ထုတစ်ခုတိုင်းကို 
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ 
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
(၇) လောဘမကြီးနဲ့။ 
ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။ 
(၈) အနစ်နာခံတတ်ခြင်
သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။ 
(၉) သူ့အတွက်ထည့်စဥ်းစားပါ
ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။ 

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။ 
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း 
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။ 
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။ 

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။ 

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ 
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။ 

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။ 

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။ 

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့ 
ဆုံးရှုံးသွားစေမှာ။ 
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။ 

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။ 

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။ 

Monday, January 3, 2022

မတွေဝေပါနဲ့ ဆက်လျောက်ပါ


ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ဒီလိုစဉ်းစားမိပါတယ်။

"ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ်။
တစ်ခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတယ်။
ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေမရေမတွက်နိုင်အောင်ရှိနေတာ။ ဘယ်လိုများလမ်းလျှောက်သလဲမသိဘူး။ တော်တော်ထူးဆန်းတာပဲ။
ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်းဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူဘယ်လိုများထိန်းချုပ်လဲ မသိဘူး"

 အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ်။ "ဒီလောက်များတဲ့ခြေထောက်တွေနဲ့ မင်း ဘယ်လိုလမ်းလျှောက်သလဲကွာ? 
 ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ။ ဒါပေမယ့် ဘယ်လိုမှ တွေးမရဘူး။ ခြေထောက်တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ"

 ကင်းခြေများက "ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ။
 ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ မတွေးဖူးပါဘူး ဘာပဲဖြစ်ဖြစ်မေး လာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့။
 နေဦး ငါစဉ်းစားကြည့်လိုက်ဦးမယ်"လို့ ဆိုပြီး တစ်အောင့်လောက်ရပ်ပြီး တွေးကြည့်နေမိတယ်တဲ့။

 အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများအတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ။
ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေမှားကုန်ပြီး တည့်တည့်တောင်လျှောက်လို့မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ရောတဲ့။

 ဒါနဲ့ ကင်းခြေများက ဖားကို " မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့...နားလည်လား??
 ငါ့ဘာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြသနာမှမရှိခဲ့ဖူးဘူး။ အခုမင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ။  ဘယ်ခြေထောက်အရင်စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ"?

 ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာအေးချမ်းနေကြပါပြီ။ ဒါပေမယ့် တခြားလူတွေကသူတို့ပြသနာအသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော။
ဘဝက နေလိုရ စားလိုလောက်ငှနေရင် ဘာမှပူလောင်စရာမရှိပါဘူး။ တခြားလူတွေ ဘဝကောင်းစားနေတာလည်း မြင်ရော ဟိုလူကဒီလိုကောင်းစားနေတာ။
ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ။ အိမ်ရှိတာ ကားရှိတာ ရည်းစားချော ချောလေးရှိတာဆိုတာတွေလည်း မြင်ရော ကိုယ့်ဘာသာကိုယ် လျှောက်ပြီးတွေးတော့နောက်ဆုံးမှာ သောကတွေက ကိုယ့်စိတ်ကိုကူးစက်ပူလောင်စေတော့တာပါပဲ။
ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေးလျှေက်လှမ်းသွားပါ။
သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့... မတွေဝေပါနဲ့ 

ကံကြမ္မာ


သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ မွေးခါနီးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာထိုင်ချလိုက်တယ်။
ကလေးမွေးတော့အံ့ဆဲဆဲ အချိန်မှာမိုးသည်းထန်စွာရွာချတယ်။ မိုးနဲ့အတူ မုန်တိုင်းပါပါလာတဲ့အတွက် ကောင်းကင် တစ်ခွင်ဟာ ကြောက်စရာကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေလက်နေတယ်။

မုန်တိုင်းကြောင့် မြစ်ရေပြင်ဟာလည်း တဝုန်းဝုန်းနဲ့ ကြမ်းသထက် ကြမ်းလာတယ်။
အဲ့ဒီအချိန်မှာပဲ ယာတောထဲကို မိုးကြိုးပစ်ချ လိုက်တဲ့အခါ ယာတောခင်းကြီး ဟာလည်း မီးထလောင်တယ်။
သမင်မကြီးရဲ့အနောက်မှာတော့ မုဆိုးတစ်ယောက်ဟာ မြှားနဲ့ ပစ်ဖို့ ချိန်ထားလိုက်ပြီ။
အရှေ့မှာလည်း ကျားတစ်ကောင်ဟာ သမင်မကြီးကိုခုန်အုပ်ဖို့ပြင်နေပြီ။

ကဲ... သမင်မကြီး ဘာလုပ်မယ် ထင်သလဲ။ အရှေ့မှာကျား၊ အနောက်မှာ မုဆိုး၊ တောင်မှာ မီး၊ မြောက်မှာ ရေ၊ မိုးပေါ်မော့ကြည့်ရင် လျှပ်စီးတွေနဲ့အောက်မှာ မြေပြင်။
သမင်မကြီးဟာ လွတ်လမ်းလုံးဝမရှိတော့တဲ့အခါဘာလုပ်မယ် ထင်ကြလဲ။

သမင်မကြီးဟာ စိတ်ကိုအငြိမ်ဆုံး ထားပြီးတော့သူမွေးရမယ့်ရင်သွေးကိုပဲ မဖြစ်ဖြစ်အောင်မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ ကျယ်လောင်စွာ မိုးချိန်းလိုက်တာ မုဆိုးဟာ ဟန်ပျက်သွားခဲ့တယ်။
ဟန်ချက်ပျက်တော့ ပစ်လွှတ်လိုက်တဲ့ မြှားဟာအလိုက်သင့်လေး ခုန်အုပ်နေတဲ့ ကျားကို ပစ်မိ သွားတယ်။ ဒါပေမယ့် ချက်ကောင်းကို မထိ။

အဲ့ဒီမှာ ကျားဟာ အထိနာသွားတဲ့ အခါမှာတော့မြှားရှင်မုဆိုးဘက်ကို ဦးတည် ပြေးလွှားပြီး ခုန်အုပ်လိုက်တယ်။
မုဆိုးနဲ့ကျားဟာ လုံးရင်းထွေးရင်းနဲ့ မြစ်ထဲကျ သေသွားပြီးယာတောမီးဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ်။

နောက်ဆုံး မိုးစဲသွားတဲ့အခါမှာ မြစ်ရေဟာ ပြန်လည်ငြိမ်သက်လာတယ်။ သမင်မကြီးဟာ ရင်သွေးလေးကိုအောင်မြင်စွာ မွေးလိုက်နိုင်ခဲ့တယ်။

#သင်ခန်းစာ - ဘဝမှာ ထွက်ပေါက် မရှိလောက်အောင်အခက်အခဲတွေ ပိတ်ပင်နေတဲ့အခါ ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့အလုပ်တစ်ခုကိုသာ အကောင်းဆုံး လုပ်မြဲဆက်လုပ်နေသင့်တယ်။ ***

"သင်ယူရမယ့် အရာတွေ"

(၁) စိတ်ဓာတ်ကို မာမာထားပါ။  အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ န...