တစ်ခါတုန်းက ရွာတစ်ရွာမှာ
အလွန်ချစ်ခင်ကြသော
ကျော်နိုင်နှင့် မောင်မြင့်ဆိုသော
ငယ်သူငယ်ချင်းနှစ်ယောက်ရှိလေသည်။
သူတို့နှစ်ဦးလုံးသည် တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေခံလက်လုပ်လက်စား လူတန်းစားများဖြစ်သဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ဘဝကို ဖြတ်သန်းလာကြရလေသည်။
အလုပ်ဆိုလျှင်လဲ ဘာအလုပ်ပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရသူများ ဖြစ်လေသည်။
တစ်ခါတစ်လေ အလုပ်ကလေးအဆင်ပြေလို့ ငွေလေးမဆိုသလောက်ရွှင်တဲ့အခါရှိသလို တစ်ခါတစ်လေလဲ အလုပ်မရှိ၍ ထမင်းပင် နပ်မမှန်ချေ။
ထိုသို့ဖြင့် ဆောင်းရာသီအစတစ်ခုတွင် သူတို့သူငယ်ချင်းနှစ်ယောက်လုံးအိမ်ဆောက်လေုပ်ရေးတစ်ခုတွင်
လက်သမားအလုပ်ရလိုက်၍ ပုံမှန်ဝင်ငွေလေးဖြောင့်ပြီး စိုစိုပြေပြေလေးဖြစ်လာလေသည်။
တစ်နေ့သောအခါ၌ သူငယ်ချင်းနှစ်ယောက်လုံး အလုပ်သိမ်းချိန်တွင် လုပ်အားခ ပိုက်ဆံထုတ်ပြီး အိမ်ပြန်လာခဲ့ကြရာ ဈေးလမ်းသို့ရောက်သောအခါ မောင်မြင့်သည် ဝက်သားအရမ်းစားချင်သည်ဟုဆိုကာ ဝက်သားငါးဆယ်သား ဝင်၍ဝယ်လေသည်။ တစ်ဆက်ထဲမှာပင် ကျော်နိုင်ကိုလဲ လှမ်းပြောလိုက်လေသည်။
" ဟေ့ကောင်ကျော်နိုင်...မင်းလဲ ဝက်သားမြင်ရင် မနေနိုင်အောင်ကြိုက်တဲ့ကောင်ပဲ...ဝင်ငွေလေးကောင်းနေတုန်း မင်းအိမ်အတွက် ငါ့လိုဝယ်သွားလေကွာ...ပိုက်ဆံရှိတုန်းလေးစားရတာဟ....ဝင်ငွေမရှိတဲ့အချိန်ကြမှ စားချင်ပါတယ်အော်နေလို့ ဘယ်သူမှလာမကြွေးဘူး...ဝယ်လိုက်လေကွာ"
မောင်မြင့်၏စကားကြားသောအခါ ကျော်နိုင်လဲ ပြုံးပြုံးလေးနှင့်ပင် ပြန်ပြောလိုက်လေသည်။
" ငါ....ဝက်သား မစားနိုင်သေးပါဘူး သူငယ်ချင်းရယ်"
ကျော်နိုင့်စကားကြားသောအခါ မောင်မြင့်မှာ အလိုမကျပဲ ကျော်နိုင်အား ပြစ်တင်စကားဆိုလေတော့သည်။
" ဟ....ဘာလို့မစားနိုင်ရတာလဲ...မင်းနဲ့ငါက အလုပ်လဲအတူတူပဲ...ပိုက်ဆံရတာချင်းလဲ အတူတူပဲ...ငါတောင်ဝက်သားစားနိုင်သေးတာ မင်းကမစားနိုင်ဘူးဆိုတော့လဲ နေပေါ့ကွာ"
ထိုသို့ဖြင့် နောင် နှစ်ပေါင်း၂၀ခန့်တွင် သစ်သီးပွဲရုံအဆေါက်ဦးတစ်ခု၏ရှေ့တွင် ညစောင့်တစ်ဦးအလိုရှိသည်ဆိုသောစာကိုတွေ့၍ အသက်၅၀အရွယ်ခန့်ရှိပြီဖြစ်တဲ့ လူတစ်ယောက်သည် ဝင်၍ အလုပ်လျှောက်လေသည်။
သူ့ရဲ့အလုပ်လျှောက်လွှာကို အလုပ်သမားခေါင်းမှတဆင့် သူဌေးဆီတင်ပို့လိုက်သောအခါ သူဌေးက ထိုလူကြီးကိုတွေ့ချင်ကြောင်းပြော၍ခေါ်ခိုင်းလိုက်ရာ သူဌေးနှင့် ထိုလူကြီးတို့ တွေ့ဆုံကြသောအခါ....
" လာ....သူငယ်ချင်း မောင်မြင့်....မင်းတောင်တော်တော်အိုစာသွားတာပဲကွ "
" ဟင်!!! ကျော်နိုင်....သူဌေးမင်းက ကျနော့်သူငယ်ချင်း ကျော်နိုင်ဟုတ်ပါတယ်နော်"
" ဟုတ်ပါတယ်ကွ....ငါ ကျော်နိုင်ပါကွာ...မင်းသူငယ်ချင်းကြီး ဝက်သားမစားနိုင်ခဲ့တဲ့ကျော်နိုင်ပါ...အဲဒီတုန်းက မင်းပြောခဲ့တယ်နော်....ဝင်ငွေလေးကောင်းပြီး ပိုက်ဆံရှိတုန်းလေးစားရတာကွ ဆိုပြီးလေ...အမှန်က မဟုတ်ဘူးကွ....အခြေအနေပေးလို့ အခွင့်အရေးလေးရပြီး ပိုက်ဆံလေးရှိနေတုန်း စားရမှာမဟုတ်ဘူး စုဆောင်ရမှာ
..အခွင့်အရေးကို အမိအရ အသုံးချရမှာ...ပိုက်ဆံရှာလို့ကောင်းတုန်း တက်နိုင်သမျှရှာပြီး နိုင်သလောက်ငွေစုရမယ်....ပြီးရင် ကိုယ်စုထားတဲ့ပိုက်ဆံလေးတွေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုကို သေးသေးလေးကပဲဖြစ်ဖြစ် စလုပ်ပြီး သူများအလုပ်သမားဘဝကနေ အရင်ဆုံးရုန်းထွက်နိုင်ဖို့ကြိုးစားရမယ်...ဒါကြောင့် မင်း ဝက်သားစားနိုင်တဲ့အချိန်မှာ ငါမစားနိုင်ခဲ့ဘူး....ဒါပေမယ့် ငါ ငွေစုနိုင်ခဲ့တယ်...အဲဒီလိုစုထားတဲ့အရင်းအနှီးလေးနဲ့ အသီးအရွက်ကုန်စိမ်းလေးတွေတိုက်တယ်...အဲဒီကနေ တစ်စတစ်စအဆင်ပြေလာပြီး အခုလို သစ်သီးပွဲရုံပိုင်ရှင်သဌေးဘဝကိုရောက်လာခဲ့တာပဲ....အခု ငါဝက်သားစားနိုင်ပြီ...ငါးဆယ်သားမဟုတ်ဘူး အချိန်ငါးရာလဲ ဝယ်စားနိုင်ပြီသူငယ်ချင်း"
တစ်ချိန်က ဆင်းရဲဖေါ်ဆင်းရဲဖက် ဝက်သားမစားနိုင်ခဲ့တဲ့ ကျော်နိုင်(ခေါ်) သူဌေးကြီးဦးကျော်နိုင်ရဲ့စကားများကိုနားထောင်ပြီး ဦးမောင်မြင့်တစ်ယောက် နောင်တမျက်ရည်တို့ဖြင့် ရင်ထဲမှာ ဆို့နင့်နေရချေပြီ။
ကျော်နိုင်ကလဲ သူ့သူငယ်ချင်းကို အကောင်းစား စားတော်ကဲများနဲ့ ဝက်သားကို အမျိုးမျိုးသောဟင်းယာကို မှာယူကျွေးမွေးပြီး အပြန်တွင် ဝက်ပေါင်တစ်ချောင်းနှင့်အတူ ငွေအသပြာထောင်ထုပ်ကိုပေးလွှတ်လိုက်လေတော့သည်။
ကဲ....စာဖတ်မိတ်ဆွေတို့ရော ဝက်သားစားနိုင်ပြီလား..
အတွေးတစ်ခု ရနိူင်ပါစေလို့ တောင်းဆုပြုရင်း စာဖတ်သူအားလုံးကို လေးစားလျှက်။
Credit: မူရင်း
No comments:
Post a Comment