ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာ
မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီးတစ်ပါးဟာ
တစ်နေ့မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်
ရုပ်ဖျက်ပြီး တိုင်းပြည်အခြေအနေ လေ့လာဖို့
မင်းနေပြည်က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။
သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန်
ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့
တဲအိမ် အစုတ်ကလေးဆီကိုပါ။
အဖိုးအိုလင်မယားဟာ ပင်ပမ်းဆင်းရဲစွာနဲ့
ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက်
နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ
တယ်။ ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း
တော့အဖိုးအိုလင်မယားကခွင့်ပြုပြီး
လိုလေးမရှိအောင် ရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ
ပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ
တဲ့ အဖိုးအိုလင်မယားကို အယောင်ဆောင်
ဘုရင်ကြီးစိတ်ထဲကြိတ်ပြီး ကျေးဇူးတင်နေမိ
တာပေါ့။
ညကျတော့အိပ်ယာမဝင်ခင် အတူ
ထိုင်စကားစမြီပြောကြတဲ့အခါဘုရင်ကြီးက..
" အဖိုးတို့မှာ စားမယ့်သောက်မယ့်လူလဲမရှိဘဲ
ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ အလုပ်
တွေလုပ်နေရတာလဲ.. ဒီအရွယ်ဆိုတာ
သားထောက်သမီးခံအလုပ်လွှဲထားပြီး
ဘုရားသွား ကျောင်းတက်လုပ်နေရမှာမဟုတ်လော "..
ဟုပြောပါတယ်။ဒီအခါအဖိုးအိုကဒီလိုပြန်ပြီး
ပြောပါတယ်...
"အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့
ဒါပေမယ့်သားသမီးဆိုတာလဲသူ့မီးနဲ့သူ့ အပူ
ဖြစ်နေကြတာကလား.. ကျုပ်တို့မှာလဲကိုယ်
စားဘို့တင်မက
(၁) ခိုးမှူးကြီးလဲပေးရသေးတယ်
(၂) အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်..
(၃) သမုဒ္ဒရာထဲလဲပစ်ချ နေရသေးတယ်
(၄) ရန်သူကိုလဲရှာဖွေကျွေးမွေးနေရပါတယ်
အဖိုးအိုစကားက ဘုရင်ကြီးအတွက်
ထူးဆန်းနေပါတယ်။ အဓိပ္ပါယ်ကိုလဲသဘောမပေါက်
တာကြောင့်အဖိုးအိုကိုပြန်မေးမိတော့တယ်။
"အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက်
ရှင်းပြပါလားခင်ဗျား.."
ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ်
"ဒီလိုပါအမောင်…
(၁) ခိုးမှူးကြီးကိုပေးရတယ်ဆိုတာက
တိုင်းပြည်ကိုဓားပြသူခိုးရန်သူမျိုးတွေရဲ့ ရန်က ကာကွယ်ပေးထားတဲ့ဘုရင်မင်းမြတ်
တို့အားအခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်
လို့ဖြစ်ပါတယ် "
"ဘုရင်ကို ဘာလို့ခိုးမှူးးကြီးဆိုရပါသလဲအဖိုး"
"ကျုပ်တို့တွေ နဖူးကချွေး ခြေမကျအောင်
ရှာဖွေထားရတဲ့ ဥစ္စာတွေကို သူခိုးဓားပြလက်
မပါရအောင် ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့
ခိုးသူတို့ရဲ့အကြီးအမှူးလို့ဆိုလိုတာပါ "
ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘော
ကျသွားပါတယ်။ ဒါနဲ့နောက်ထပ်စကားတစ်
ခွန်းကိုထပ်မေးပြန်ပါတယ်။
(၂) အာဂန္တု ဧည့်သည်ကိုကျွေးမွေးရတယ်ဆို
တာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျား "
"လောကမယ်မိဘကကျွေးမွေးစောင့်ရှောက်
ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့
ဧည့်သည်တွေပါဘဲအမောင်..အချိန်တန်
အရွယ်ရောက်တဲ့အခါ သူတို့လမ်း သူတို့လျှောက်ကြ
တာဘဲ မဟုတ်လား။ ဒါကြောင့်သူတို့ကို
အာဂန္တု - လို့ဆိုရတာပါမောင် "
ဒီစကားကိုလဲဘုရင်ကြီးသဘောကျ ပြန်ပါ
တယ်။
နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲ
ထပ်မေးလိုက်ပြန်တယ်..
(၃) သမုဒ္ဒရာထဲလဲချ ရတယ် - ဆိုတာကရော
ဘာအဓိပ္ပါယ်ပါလဲအဖိုး "
"ဒါကဒီလိုပါ..ချောင်းမြစ်အသွယ်သွယ်တို့
ကလာတဲ့ရေမှန်သမျှဟာ ပင်လယ်သမုဒ္ဒရာ
ထဲစီးဝင်ကြပေမဲ့ ပြည့်ရိုးထုံးစံ မရှိသလိုဘဲ
တနေ့တနေ့ ကျုပ်တို့စားသမျှ အားလုံးဝမ်းခေါင်း
ထဲမှာပြည့်တယ်လို့မရှိတာအမောင်အသိဘဲ
မဟုတ်လား.. ဒါကြောင့်သမုဒ္ဒရာထဲပစ်ထဲ့ရတယ်ဆိုတာ
ရှာဖွေရသမျှကျုပ်တို့ အသက်ရှင်သန်ဖို့
ဒီဝမ်းခေါင်းထဲ အစာစားပြီးဖြည့်ထဲ့နေရ
တယ်လို့ဆိုလိုတာပါဘဲ "
(၄) ဒါဆိုနောက်ဆုံးစကား ရန်သူကိုရှာဖွေကျွေး
မွေးနေရတယ်ဆိုကရော.."
"ဒါက ပိုအရေးကြီးပါတယ် အမောင်..ကိုယ်က
ချစ်ကြင်လို့ ပေါင်းသင်းနေထိုင်နေတဲ့ဇနီး
မယားဟာ ကိုယ့်ရဲ့ရန်သူပါဘဲ.."
"အလို ဒီစကားကတော့အဆန်းပါလား ရှင်း
ပြပေးပါဦးအဖိုးရဲ့ "
"စိတ်တူကိုယ်တူဆိုပြီးကိုယ်က ချစ်ခင်ပေါင်း
သင်းနေပေမဲ့ ကိုယ့်ရဲ့အသက်စည်းစိမ်ကိုအ
များဆုံးဒုက္ခပေးနိုင်ချေရှိတာ ဒီဇနီးမယားပါဘဲ
အမောင်..ဒီစကားကတော့အရေးကြုံလာတဲ့
အခါမှအမောင်သိပါလိမ့်မယ်.. အခုကတော့
ရန်သူကိုလဲရှာဖွေကျွေးမွေးနေတယ်ဘဲ မှတ်
သားလိုက်ပါအမောင် "
နောက်ဆုံးစကားကိုဘဝင်မကျပေမယ့်
မှတ်သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာ
ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုး
အိုလင်မယားဟာ ပြူးပြူးပျားပျား ဖြစ်သွားပါ
တော့တယ်..။
"မကြောက်ကြပါနဲ့အဖိုး..တစ်ခုတော့ပြောပါ
ရစေ။ အခုအဖိုးပြောတဲ့စကားကြီးလေးခွန်းကို
တော့ဘယ်သူကိုမှမပြောမိစေဖို့ မှာခဲ့ပါရစေ..
တကယ်လို့ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာ
ကိုသဘောပေါက်စေချင်တယ်.."
"မပေါက်ကြားစေဖို့ဂတိပေးပါတယ်မင်းကြီး"
ဤသို့ဖြင့်ဘုရင်ကြီးလဲနန်းတွင်းပြန်သွားပြီး
နောက်တစ်နေ့ညီလာခံတွင်အဖိုးအိုပြောဆို
ခဲ့သောစကားကြီးလေးခွန်းကိုမှူးးမတ်တွေကို
ပြောဆိုမေးခွန်းထုတ်ပြီးအဓိပ္ပါယ်ကိုမေးမြန်း
ပါတော့တယ် ။
မှူးမတ်တွေအားလုံး မဖြေဆိုနိုင်ကြပါဘူး။
ဒီတော့ ဘုရင်ကြီးကဖြေဆိုဖို့ အချိန် ခုနစ်ရက်ပေးလိုက်ပါတယ် ။
မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ
လူလည်အမတ်တစ်ယောက်ကတော့
ဘုရင်ကြီး ခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်း
ကိုမေးတာဆိုတော့ အကြောင်းရင်းရှိရမယ်လို့
စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်း
ကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိ
ရာကို ရောက်သွားပါတော့တယ် ။
အမတ်လူလည်ဟာ အဖိုးအိုကို
တံစိုးလက်ဆောင်ပေးပြီး စကားလေးခွန်းကို
မေးပေမယ့်။ အဖိုးအိုဟာလုံးဝမပြောပါဘူး။
နောက်ဆုံးအဖိုးအိုရဲ့ဇနီး ဖွားအိုကိုအသပြာ
ငွေ ၁၀၀၀ ပေးပြီးမေးတဲ့အခါ ဖွားအိုကငွေကို
ယူပြီးစကားလေးခွန်းအဓိပ္ပါယ်ကို
ဖွင့်ဟပြောကြားလိုက်ပါတယ် ။
ဒါနဲ့ ရက်ချိန်းခုနစ်ရက်ပြည့်လို့ ညီလာခံ
ပြန်ဝင်တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ
အဖြေမပေးနိုင်ကြပေမယ့် လူလည်အမတ်ကတော့
ခပ်ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။
ဒါပေမယ့်ဘုရင်ကြီးက သူ့အစွမ်းအစနဲ့
ဖြေနိုင်တာမဟုတ်ဘူးသိနေတော့
မှန်မှန်မပြောbသေဒဏ်ပေးမယ်
ဘယ်လို သိလာတာလဲဆိုတာ
မှန်မှန်ပြောဆိုပြီး အကြပ်ကိုင်မေးတော့မှ
အဖိုးအိုလင်မယားဆီက သိလာတာလို့
အမှန်အတိုင်းပြောပါတော့တယ်။
ဘုရင်ကြီးဟာအဖိုးအိုလင်မယားကို
အမျက်မာန်ရှပြီး ရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။
ရှေ့တော်ရောက်တဲ့အခါ...
"အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျက်ပြီး ဘာလို့တား
မြစ်ချက်ကိုလွန်ဆန်ရတာလဲ..သေဒဏ်ပေး
ခံရမှာကိုမကြောက်ဖူးလား "
"မင်းကြီး..ကျွန်တော်မျိုးဟာ
ဆင်းရဲနုံခြာပေမယ့် ဂတိတစ်လုံးကို အသက်ထက်ကာကွယ်ပါတယ်..
ကျွန်တော်မျိုး၏ဇနီး ပြောကြားခြင်း
သာဖြစ်ပါတယ်။ အသပြာငွေ ၁၀၀၀ အတွက်
ကျွန်တော်မျိုး၏အသက်ကို ရောင်းစားသည့်
ဇနီးသည်ဟာအနီးဆုံးရန်သူဖြစ်ကြောင်း
မင်းကြီး ဒီလောက်ဆိုသဘောပေါက်နားလည်ပြီလို့
ယုံကြည်ပါတယ်.."
ဒီတော့မှဘုရင်ကြီးဟာစိတ်ထဲ ဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကိုနားလည်
လက်ခံသွားပြီး သူဆင်းရဲအဖိုးအိုလင်မယားကို ဆုလာဘ်များ ပေးသနား လိုက်ပါတော့တယ် ။
ပုံပြင်ကတော့ဒါပါဘဲဗျား..
Credit: မူရင်း
No comments:
Post a Comment