ရွာတစ်ရွာမှာ ကိုပိန်နဲ့ မလိန်လို့ ဇနီးမောင်နှံ နှစ်ဦးရှိတယ်။ အလွန်ဆင်းရဲပါတယ်။
ကိုပိန်ဆိုတဲ့အတိုင်း ရုပ်ကလည်း ပိန်တာပဲ။ စိတ်ကလည်း သဒ္ဓါတရား ဘာမှမရှိ၊
လူကြည့်တော့လည်း မှုန်သိုးသိုးနဲ့၊ မလိန်ကလည်း ဒီအတိုင်းပဲ ဖြစ်သလို နေတာပဲ။
သူတို့အလုပ်က တစ်ခါတစ်ရံ ရေရောင်းလို့၊ တစ်ခါတစ်ရံ ထင်းရောင်းလို့၊ တစ်ခါတစ်ရံ
တခြားအိမ်တွေမှာ အငှားအလုပ်လုပ်လို့၊ ဆင်းဆင်းရဲရဲ နေရပါတယ်။
ခန္ဓာကိုယ်က တာဝန်ပေးထားတဲ့ ပစ္စည်းကိုတောင် လုံလောက်အောင် မရှာနိုင်ကြပါဘူး။
နက်ဖြန်အတွက်ကို ထည့် မစဉ်းစားနိုင်ဘူး။ ဒီနေ့အတွက် ထမင်းကလေးနပ်မှီအောင်တောင်
မနည်းရုန်းကန်ကြရတယ်။
ပစ္စုပ္ပန်ဘဝ ချမ်းသာကြောင်း ပစ္စည်းကိုတောင် မရှာနိုင်တော့ နောင်ရေးအတွက်
တရားဆိုတာ အိမ်မက်တောင် မမက်နိုင်ပါဘူး။ အဲလို သူတို့ ဘဝဟာ တကယ့်အန္ဓပဲ။
ကိုပိန်တို့ မလိန်တို့ အန္ဓတွေပဲ။ အဲလို ဆင်းရဲရတဲ့အထဲမှာ စားဝတ်နေရေး မပြည့်စုံရတဲ့အထဲမှာ
အိမ်ကလည်း မိုးမလုံ၊ လေမလုံ အကာတွေကလည်း စုတ်၊ အမိုးတွေကလည်း ဟိုက ပေါက်၊
ဒီက ပေါက်၊ အဲလို နေရတဲ့အထဲမှာ ငပိန်က ဖဲက ကြားညှပ်ပြီး ရိုက်လိုက်သေးတယ်။ တစ်ခါတစ်ရံ
ရေ ရောင်းလို့ ရတာလေး၊ ထင်းရောင်းလို့ ရတာလေး၊ ဟင်းရွက်ရောင်းလို့ ရတာလေး၊ ရတဲ့ ပိုက်ဆံလေး
စိတ်ကူးယဉ်ပြီးတော့ ဖဲက ရိုက်လိုက်သေး။ တစ်ခါတစ်ရံ အဲဒီရတဲ့ ပိုက်ဆံလေးယူပြီး အရက်က
သောက်လိုက်သေး။
အဲဒီလိုနဲ့ ပစ္စုပ္ပန်မှာလည်း စားဝတ်နေရေး မပြည့်စုံ၊ နောင်ရေးအတွက်လည်း ကောင်းမှုတရားဆိုတဲ့
ဥစ္စာက အိမ်မက်တောင်မှ မမက်၊ တစ်ရက်မှ မချမ်းသာဘူး။ ရန်ဖြစ်လိုက်ရတာ နေ့စဉ်လိုပဲ။
တဗျစ်တောက်တောက်နဲ့ ရန်ဖြစ်လိုက်ရတာလည်း နေစဉ်လိုပဲတဲ့။ အိမ်နင်းချင်းတွေ
အန်မတန် သနားစရာ ဖြစ်နေကြတယ်။ တရားအတွက် စည်းရုံးတော့လည်း
ဘာမှ စည်းရုံးလို့မရဘူး။ မောင်ပိန်တို့ မလိန်တို့လာ၊ တရားနာသွားရအောင်၊
အသိဉာဏ်ပေါ်မှ စီးပွားရေးလုပ်ရ ကောင်းတယ်၊ ပိုက်ဆံရှာလို့ ကောင်းတယ်။
အန္တရာယ်တွေ ကင်းအောင် ရှင်းအောင် ရှောင်တတ်တယ်။ လာဘ်မြင်တယ်ဆိုတော့
အိုဗျာ … ပိုက်ဆံရှာတာနဲ့ တရားနာတာ ဘာဆိုင်လို့လဲ၊ သူက တုံ့ပြန်ချက်က ဒါပဲ။
လာကွဲ့ ဝေယျာဝစ္စလေးတွေ လုပ်ရအောင်။ ကုသိုလ်အလုပ် လုပ်ရအောင်။
ဒါမှ စိတ်တည်ငြိမ်တယ်။ ကုသိုလ်စိတ်ဖြစ်လို့ စိတ်တွေ သန့်ရှင်းပြီးတော့အကြံအစည်တွေ ပွင့်တယ်။
စီးပွားရေးလုပ်ရတာ ကောင်းတယ်။နေရေးထိုင်ရေး အကုန်အဆင်ပြေတယ်။
အိုဗျာ .. ဝေယျာဝစ္စလုပ်တာနဲ့ ပိုက်ဆံရှာတာ ဘာဆိုင်တာမှတ်လို့။
သူတို့က တုံ့ပြန်ချက်က ဒါချည်းပဲ။ တရားနာ စည်းရုံးလည်း မရ၊ ကုသိုလ်လုပ်ဖို့ စည်းရုံးလည်း မရ၊
ဝေယျာဝစ္စတွေလုပ်ဖို့ စည်းရုံးလည်း မရ၊ ဘာမှ စည်းရုံးလို့လည်း မရဘူးတဲ့။ တကယ့် အန္ဓတွေပဲ။
အဲဒါနဲ့ တော်တော်ကြာသွားတယ်။ မောင်ပိန်တို့၊ မလိန်တို့ ဇနီးမောင်နှံ စားဝတ်နေရေးရယ်လို့
ဘာမှ မပြည့်စုံ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ဟောလိုနေလိုက်ကြတာ တော်တော်ကြာသွားတော့
တစ်နေ့သောအခါမှာ အိမ်နီးနားချင်းများက စည်းရုံးကောင်းလို့လည်း ဖြစ်မှာပေါ့။ သူတို့လည်းပဲ
ဆင်းရဲတဲ့ဒဏ်ချက်က တော်တော်ခံလာရပြီပဲ။ ဆင်းရဲတဲ့ အကြောင်းကလည်း ပြောရင်
တော်တော်ကျယ်တယ်။
အဲဒါနဲ့ တစ်နေ့ကျတော့ တစ်နေရာမှာ တရားပွဲရှိတယ်တဲ့။ တရားပွဲရှိတော့ အိမ်နီးနားချင်းများက
စည်းရုံးလို့ မောင်ပိန်ကော မလိန်ကော နှစ်ယောက်စလုံး ပါသွားကြတယ်။ တရားနာ ပါသွားကြတယ်။
တရားနာပါသွားကြတော့ တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်းပဲ ပါဠိပါဌ်သားတွေ များများစားစား မရွတ်ပါဘူး။
`တရားနာတဲ့ ပုဂ္ဂိုလ် အချိန်တိုအတွင်းလေးမှာ မှတ်သင့်တဲ့ စကားလုံးလေးတွေ ထိထိရောက်ရောက်
မှတ်နိုင်ကြပါစေ။ လက်တွေ့ အလုပ်လုပ်ရမယ့် အလုပ်လေးတွေကို မြန်မြန်လေး နားလည်ကြပါစေ` ဆိုတဲ့
ရည်ရွယ်ချက်နဲ့ မြန်မာစကားပြေနဲ့ပဲ ရှင်းရှင်းလေး ပြောပြနေသတဲ့။ တရားနာပရိသတ်ထဲမှာ ပါနေတာက
မောင်ပိန်တို့ မလိန်တို့ ပါနေတယ်။ ပါနေတဲ့အခါမှာ တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်း လက်တွေ့အလုပ်
လုပ်လို့ ဖြစ်နိုင်တဲ့ လုပ်ငန်းတိုတိုလေး ငါးခု ပြောပြတယ်။
အေး … ဆင်းရဲတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ဥစ္စာဟာ ဆင်းရဲတဲ့အတိုင်း အဲဒီအတိုင်း မနေရဘူးကွ။
ကိုယ့်ဟာကိုတောင်မှ မယုံဘူးလား၊ ကိုယ့်ဟာကို ယုံရတယ်ကွ။ ဆင်းရဲတယ် ဆင်းရဲတယ်ဆိုတာ
အဲဒီအတိုင်း ငုံ့ခံနေရတာ မဟုတ်ဘူး။ လုပ်လို့ဖြစ်တဲ့ နေရာကစပြီးတော့ လုပ်ရတယ်ကွ ဆိုပြီးတော့
တရားနာတဲ့ ပုဂ္ဂိုလ်တွေ အလုပ်လုပ်တတ်အောင် အလုပ်လုပ်ချင်လာအောင် စိတ်ဓာတ်တွေ
တက်ကြွလာအောင် အားရှိလာအောင် အဲဒီလို ပြောပြသတဲ့။ ပြောပြတော့ မောင်ပိန်တို့ မလိန်တို့
စိတ်ဝင်စားလာတယ်။ ဘာများ ပြောမှာပါလိမ့်ပေါ့။ ဆင်းရဲတယ် ဆင်းရဲတယ်ဆိုတာ အဲဒီအတိုင်း
ခေါင်းငုံ့ခံ မနေရဘူးကွ။ လုပ်လို့ဖြစ်တဲ့ နေရာက စလုပ်ရတယ်။ နားလည်အောင်လည်း လုပ်ရတယ်။
ကုသိုလ်ငါးခု နေ့စဉ်ပြု
အဲလို ပြောပြတော့ စိတ်ဝင်စားလာကြတယ်၊ စိတ်ဝင်စားတာနဲ့ ပြောတဲ့ ပုဂ္ဂိုလ်
ဟောတဲ့ ပုဂ္ဂိုလ်ကလည်း နေ့စဉ် နေ့စဉ် အချိန်လေး အထူးမပေးရတဲ့ လုပ်ငန်းစဉ်လေးငါးခု …
(၁) ဒါနရယ်
(၂) သရဏဂုံရယ်
(၃) ငါးပါးသီလရယ်
(၄) မေတ္တာတရားရယ်
(၅) အနိစ္စာနုပဿနာ ခေါ်တဲ့ ဝိပဿနာရယ်
ပိုက်ဆံတစ်ပြားမှ ပေးဖို့ မလိုဘူး။ နေ့တိုင်း ရနိုင်တဲ့ဥစ္စာ၊ အချိန်အထူးပေးဖို့လည်း မလိုဘူး။
နေ့တိုင်း ရနိုင်တဲ့ဥစ္စာ၊ ကိုယ့်ဘက်က အရင်းအနှီးစိုက်ရမှာက သဒ္ဓါတရားပါဆိုတာကို ပြောပြနေတယ်။
ဒါနဆိုတာ မဏ္ဍပ်ကြီးထိုးလှူမှ ဒါနခေါ်တာမှ မဟုတ်ဘဲ။ ဘုရားကို ရေလှူတယ်၊ ပန်းလှူတယ်၊
ရေဆိုတာမှ ရေတွင်းထဲ၊ ချောင်းထဲ၊ ကန်ထဲ သွားခပ် အခမဲ့ ရနိုင်တာတွေ ရှိသားပဲ။ လှူရင် ရပါတယ်။
တစ်ခါ မိသားစုအချင်းချင်း ပေးတာ ပေးတတ်ရင် ဒါနပါ။ ပေးတတ်ဖို့ပဲ အရေးကြီးပါတယ်။
အဲလို စသည်ဖြင့် ဒါနလည်း လုပ်ရင် ဖြစ်နိုင်တယ်။ သဒ္ဓါတရားရှိရင် ဖြစ်နိုင်တဲ့ အကြောင်း၊
ဒါနကောင်းကျိုးကလည်း ဘယ်လောက်အံ့သြစရာကောင်းတဲ့ အကြောင်း ပြောပြတော့ စိတ်ဝင်စားကြတယ်။
တစ်ခါ သရဏဂုံဆိုတာ အန္တရာယ်ကာကွယ်တဲ့ တောင်ကြီးသုံးလုံး၊ ပစ္စည်းဘယ်လောက်ပဲ မွဲပါစေ၊
အားမငယ်ပါနဲ့ကွယ်။ သဒ္ဓါတရားရှိရင် မိမိခန္ဓာကိုယ်ကြီးကို ရတနာသုံးပါးနှင့် လှအောင် အလှတန်ဆာ
ဆင်နိုင်ပါတယ်။ ရတနာသုံးပါး စိတ် နှလုံးထဲမှာ ထားစမ်းပါ။ စိန် မက ရွှေ မက အဖိုးတန်ပါတယ်။
လူဟာ သိပ်ပြီး အဆင့်မြင့်သွားပါလိမ့်မယ် စသည်ဖြင့် စိတ်ဝင်စားစရာတွေ ပြောပြတယ်။
မောင်ပိန်တို့ မလိန်တို့ တော်တော် စိတ်ဝင်စားသွားတယ်။ အရင်တုန်းက တစ်ခါမှ တရားနာဖူးတာ
မဟုတ်ဘူး။ အခု တရားဟောတဲ့ ပုဂ္ဂိုလ်က ရှင်းရှင်းလေး ပြောပြတော့ တော်တော့်ကို စိတ်ဝင်စားကြတယ်။
အော် … ရတနာသုံးပါး လွယ်သားပဲ။ တို့က ပိုက်ဆံပေါမှ လုပ်လို့ ရတယ်အောက်မေ့တာ။
ကုသိုလ်အလုပ်ဟာ အားတဲ့ လူတွေရဲ့ အလုပ်လို့ ထင်နေတာ။ ဘယ်ဟုတ်လို့လဲ သဒ္ဓါတရားရှိရင်
ရသားပဲ။ သဒ္ဓါတရား အရင်းစိုက်ရင် ဖြစ်တာပဲ။ စွမ်းအားတွေကလည်း တကယ့် အံ့သြစရာတွေ
ချည်းပါလား။ စိတ်ဝင်စားကြတယ်။
တစ်ခါ ငါးပါးသီလ၊ ငါးပါးသီလကလည်း လူကို ချုပ်ချယ်တာ မဟုတ်ဘူး။ လူကို လူနဲ့ တူအောင်
အလှဆင်ပေးတာ အဆင့်မြင့်ပေးတာ ငါးပါးသီလရဲ့ အကျိုးကလည်း အင်မတန် အံ့သြစရာ
အစရှိသည်ဖြင့် ပြောပြပြန်တော့ စိတ်ဝင်စားကြတယ်။
အော် .. သဒ္ဓါတရားရှိရင် လွယ်သားပဲပေါ့။ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ စတဲ့ ပစ္စည်းဥစ္စာတွေ ဘာမှ
မပေါသော်လည်း မပြည့်စုံသော်လည်းပဲ သဒ္ဓါတရားနဲ့ အရင်းအနှီးစိုက်လိုက်တဲ့ အခါမှာ
ဟောဒီ ခန္ဓာကိုယ်ကြီးကို ကိုယ်ကျင့်သီလတည်းဟူသော အလှတန်ဆာ ရတနာတွေနဲ့
ခန့်ညားသွားအောင်၊ ထယ်ဝါသွားအောင်၊ ကျက်သရေရှိအောင် အလှဆင်လို့ ရပါတယ်။
ဘာမှ အားမငယ်ပါနဲ့လို့ ဟောတဲ့ ပုဂ္ဂိုလ်က အဲသလိုဟောပြလိုက်တဲ့အခါမှာ ငပိန်တို့ မလိန်တို့
စိတ်ဝင်စားကြတယ်။
တစ်ခါ စတုတ္ထက မေတ္တာတရား။ မေတ္တာတရားဆိုတာလည်း သဒ္ဓါတရားအရင်းတည်
စိုက်ရုံလေးပါတဲ့။ လွယ်ပါတယ်။ မေတ္တာရဲ့ စွမ်းအားကလည်း အင်မတန် ကြီးကျယ်ပါတယ်။
မေတ္တာပို့ရမှာက မိမိအိမ်အတွင်း အတူနေကြသူတွေ၊ မိမိရပ်ကွက်အတွင်း၊ ရပ်ရွာအတွင်းမှာ
အုပ်ချုပ်ရေးတာဝန်ကို ယူနေကြတဲ့ အုပ်ချုပ်ရေးဖက်က ပုဂ္ဂိုလ်တွေ၊ မိမိရပ်ကွက်အတွင်း၊
ရပ်ရွာအတွင်း ရှိနေကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေ၊ အတူနေတယ်ဆိုတော့ မိသားစုတွေပေါ့။
သူတို့အပေါ်မှာ အားလုံး မေတ္တာနဲ့ လွှမ်းခြုံလို့ ပေးနေရမယ်။ တစ်ခါ သတ္တဝါအကုန်လုံးကို
ခြုံပြီးတော့ မေတ္တာပို့နေရမယ်။ ဤငါးမျိုးကို နေ့စဉ်နေ့တိုင်း မေတ္တာပို့သင့်တဲ့အကြောင်းတရား
ဟောတဲ့ ပုဂ္ဂိုလ်က သေသေချာချာ ပြောပြတော့မှ ကိုပိန်တို့ မလိန်တို့ စိတ်ဝင်စားကြတယ်။
မေတ္တာစွမ်းအားကလည်း အင်မတန် ကြီးတဲ့အကြောင်း ပြောပြတယ်။ ဒါနလုပ်တာ
စွမ်းရည်ထက်တဲ့အကြောင်း၊ မေတ္တာတစ်ခုသာ ပါမယ်ဆိုလို့ရှိရင် သမာဓိကို ရစေပြီးတော့
စီးပွားရေးလုပ်ရတာ ကုသိုလ်ရေးလုပ်ရတာ လူမှုရေးကိစ္စ ဆောင်ရွက်ရတာ အစစအရာရာ
အဆင်ပြေတဲ့အကြောင်း ပြောပြတော့ စိတ်ဝင်စားကြတယ်။
တစ်ခါ ပဉ္စမက အနိစ္စာနုပဿနာ၊ ဝိပဿနာလို့ ခန့်ခန့်ငြားငြားကြီး မပြောသော်လည်းဘဲ
သိတတ်တာနဲ့ သိစရာလေးတွေ အမြဲတမ်း ပြောင်းလဲနေတာလေးတွေ၊ အဲဒါလေးတွေကို
တိတိကျကျ ဉာဏ်နဲ့ မြင်အောင် ကြည့်စမ်းပါ။ စွမ်းအားတွေ တက်ပါလိမ့်မယ်ပေါ့။ အဲဒီလို
ပြောပြတော့ သိပ်စိတ်ဝင်စားတယ်။
တရားပွဲပြီးလို့ အိမ်ပြန်သွားတော့ သိတာကို သိတဲ့အတိုင်း လုပ်တာကောင်းပါတယ်လေလို့
မောင်ပိန်တို့ မလိန်တို့ အိမ်ကို ရောက်သွားတယ်ဆိုလိုရှိရင်ပဲ ကုသိုလ်အလုပ် စကြပြီး တစ်ခါတည်း
အန္ဓကနေ ဒွိစက္ခုကို ခုန်တက်သွားတယ်။ အန္ဓက တက်ရမှာက ဧကစက္ခုကို တက်ရမှာ။
အခု သူတို့ ဒီလိုမဟုတ်ဘူး။ အကန်းကနေ တစ်ဖက်မြင်တောင် မဟုတ်ဘူး။ နှစ်ဖက်မြင်အဆင့်
ကျော်တက်လိုက်ကြတယ်။ တရားအလုပ်ကိုပါ တစ်ခါတည်း ချက်ချင်း လုပ်ကြတယ်။ လုပ်တော့
နေ့စဉ် နေ့စဉ် ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ရှာလို့ ရတဲ့ စားစရာလေးတွေ
အဲဒါလေးတွေကိုလည်း သူတို့က ဒါနဖြစ်အောင် နှလုံးသွင်းတတ်လာပြီး ထမင်းချက်တော့မယ်
ဆိုတဲ့အခါမှာ ဇွန်းလေးနဲ့ တစ်ဇွန်းလောက် ဆန်ကို နုတ်ယူထားလိုက်တယ်။ ဒါလေး နုတ်တာနဲ့
တို့ ထူးပြီးတော့ ပင်ပန်းမသွားပါဘူးလေ။ ဒါလေး စားလိုက်တာနဲ့လည်း ဘာမှ ထူးသွားမှာ မဟုတ်ပါဘူး။
ဒါလေး ချန်ထားလိုက်မယ်။ ညနေ ထမင်းချက်လည်း ဒီအတိုင်းပဲ။ တစ်နေ့ တစ်နေ့ တစ်ဇွန်းလေးတွေ
နုတ်ထားလိုက်တော့ တစ်လဆို နည်းတာမှ မဟုတ်ဘဲ။ နုတ်တာ လာပြီ။
အော် .. သဒ္ဓါတရားရှိတော့လည်း လှူစရာပေါ်လာတာပဲပေါ့။ ဝမ်းသာနေကြတယ်။ အဲဒါနဲ့
ကြံကြံဖန်ဖန် လှူစရာလေးတွေ ရလာကြ၊ တစ်ခါ သူများအိမ်မှာ ပြက္ခဒိန်တွေပေါ့။ ဘုရားပုံပါတဲ့
ပြက္ခဒိန်တွေကို တောင်းပြီးတော့ အိမ်ဦးခန်းမှာ ချိတ်၊ သက်တော်ထင်ရှား ဘုရားအထိ အာရုံပြု
ပူဇော်ကြ၊ နေ့စဉ် ရေကပ်ကြ၊ ပန်းကပ်ကြ၊ စားဦးစားဖျားလေးတွေ လှူကြ ဟန်ကျနေကြတယ်။
သူတို့ ဒါနတွေ တိုးလို့။
တစ်ခါ သရဏဂုံ ဒီအတိုင်းပဲ။ အိပ်ရာဝင် အိပ်ရာထ သရဏဂုံနှင့် အလှဆင်ထားတော့
ခန္ဓာကိုယ်ကြီးဟာ ရတနာသုံးပါး တည်နေတော့ စေတီကြီးလို ခန်ညားနေတာ သူတို့
သိပ်သဘောကျကြတယ်။ အော် .. ငါတို့ ပစ္စည်းမရှိပေမယ့် သဒ္ဓါတရားရှိတော့လည်း
ရတနာသုံးပါးကိန်းရာ ခန္ဓာကိုယ်ကြီး တို့ ပိုင်ဆိုင်ခွင့်ရလိုက်တာ၊ ဒီခန္ဓာကိုယ်ကြီး
အိုမျိုး၊ နာမျိုး၊ သေမျိုးဖြစ်သော်လည်းပဲ မအိုခင်၊ မနာခင်၊ မသေခင်လေး ရတနာသုံးပါး
ကိန်းပြီးတော့ သွားရတဲ့ စေတီကြီးလို အင်မတန်မှ ခန့်ညားတယ်။ ခန္ဓာကိုယ်ကြီး
ဖြစ်ခွင့်ရသေးတယ်လို့ ပျော်လိုက်ကြတာ အားရှိလိုက်ကြတာ။
မေတ္တာလည်း အဲဒီအတိုင်းပေါ့။ နေ့တိုင်း နေ့တိုင်း မေတ္တာပွားလို့ ဘယ်နေရာ သွားသွား
မေတ္တာကြိုတင်ပို့လို့ မိသားစုအချင်းချင်း မေတ္တာပွားလို့ မေတ္တာလည်း ရလာတော့ အရင်တုန်းက
တဗျစ်တောက်တောက် ရန်ဖြစ်လာခဲ့တဲ့ ငပိန်နဲ့ မလိန် ဘယ်တော့မှ ရန်မဖြစ်တော့ဘူး။
တစ်ခါ ကြောင်းကျိုးဆက်သွယ်ပြီးတော့ သိတတ်တာလေးတွေ သိစရာလေးတွေ စားတာ၊
သွားတာ၊ နေတာ၊ ထိုင်တာ၊ အိမ်မှုကိစ္စ ဆောင်ရွက်တာကလည်း ရှင်းရှင်းလေးနဲ့ ဝိပဿနာပါလို့
ပါးစပ်က ထုတ်မပြောတာ လုပ်ငန်းစဉ်က ဝိပဿနာလမ်းစဉ်လေးတွေ ရောက်ပြီးတော့ သွားကြတယ်။
အဲဒါနဲ့ တရားစွမ်းအားဟာ တက်လာခဲ့တာ တစ်ရက်မှ အပျက်မခံတော့ဘူးတဲ့။
အဲဒါနဲ့ စိတ်တွေ တည်ငြိမ်လို့ ဉာဏ်အမြင်တွေ ရလာလို့ အန္တရာယ်တွေ ကြိုတင်တွက်ဆ
တတ်လာတယ်။ လာဘ်တွေ မြင်လာတယ်။ စီးပွားရေးလုပ်ရတာ အခါတိုင်းနဲ့ မတူတော့ဘူး။
ရောင်းရတာ အင်မတန်ကောင်း၊ ပေးချင်ကမ်းချင်တဲ့ ပုဂ္ဂိုလ် အလွန်ပေါ။ စိတ်ကောင်းကလည်း
တစ်စတစ်စ ထားတတ်တာကိုး။ အရပ်ထဲမှာ ဆောင်ရွက်စရာကိစ္စ ရှိတယ်ဆိုရင် သူတို့ အကုန်ဆောင်ရွက်ကြ၊
ဇနီးမောင်နှံနှစ်ယောက်စလုံး တက်ညီလက်ညီ ဆောင်ရွက်ကြ၊ အဲဒါနဲ့ ဒါနပိုင်းမှလည်း တစ်စ တစ်စ တက်သလို
စီးပွားရေးလုပ်ရတာလည်း အဆင်ပြေ၊ ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်လည်းပေါ၊ သရဏဂုံလည်း မြဲ၊ ငါးပါးသီလလည်း
လုံ၊ မေတ္တာတရားလည်း ပြည့်ဝ၊ တရားစွမ်းအားတွေလည်း ရှိလာတယ်ဆိုတော့ `တရားနဲ့ စီးပွား` ဘက်စုံ
တက်သွားလိုက်တာ တစ်ခါတည်း အိမ်ကုတ်ကလေးကနေ အင်မတန် သန့်စင်တဲ့ အဆင့်မြင့်အိမ်လေး
ဖြစ်သွားတယ်။
ရပ်ထဲရွာထဲမှာ နောက်ပိုင်းကျတော့ ငပိန်နဲ့ မလိန်မှ မပါရင်တော့ ခြောက်ကပ်ကပ်တောင်
ဖြစ်လာတော့တယ်ဆိုဘဲ။ ဘယ်နေရာပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ် ငပိန်နဲ့ မလိန်ေတော့ ပါမှပဲ။
သူတို့ကလည်း ဘယ်နေရာမဆို ရှိတာလေးတော့ ထုတ်လှူတာပဲ။ လှူလည်း လှူတယ်။ ကိုယ်အားနဲ့
ဆောင်ရွက်စရာရှိရင်လည်း မခိုမကပ် စေတနာသန့်သန့်နဲ့ ကြိုးကြိုးစားစား ဆောင်ရွက်တယ်။
အဲဒီလိုဆိုတော့ အားလုံးက ချစ်ကြ၊ မြတ်နိုးကြ၊ ခင်ကြတယ်။ အရင်တုန်းက `ဟဲ့ ငပိန်၊ ဟဲ့ ငပိန်` လို့
ခေါ်ကြတယ်။ အခုတော့ မခေါ်ကြတော့ဘူး။ ရတနာသုံးပါးကျေးဇူးကြောင့် ဦးလေးပိန် ကြွပါခင်ဗျား၊
ကိုကြီးပိန် ကြွပါခင်ဗျား၊ ဘယ်နေရာသွားသွား လေးစားလိုက်ကြတာ။ မလိန်လည်း `ဟဲ့ မိလိန်ကြီး
ဟဲ့ အလိန်ကြီး` နဲ့ ဟိုတုန်းက ခေါ်တဲ့ဥစ္စာ အခု ဒီလို မခေါ်ကြတော့ဘူး။ ဒေါ်လေးပိန် ကြွပါခင်ဗျား။
မလေးပိန် ကြွပါခင်ဗျား။ အဲဒီလို လေးလေးစားစား ဆက်ဆံလာကြတယ်။
အို … နောက်ပိုင်းမှာ ဘာပြောကောင်းမလဲ ရပ်ရေးရွာရေးကိစ္စတွေ ဘယ်နေရာမဆို အကုန်လုံး
ဆောင်ရွက်သွားလိုက်တာ နောက်ပိုင်း ကျောင်းဒကာ၊ ကျောင်းအစ်မ၊ ဘုရားဒကာ၊ ဘုရား
ဒကာအစ်မတွေတောင် ဖြစ်သွားတယ်။ ဒါကြောင့် …..
- ကိုယ့်ကိုယ်ယုံသော်၊ စွမ်းအားပေါ်၊ ရွှင်ပျော် အားတက်၏။
ကိုယ့်ကိုယ်ကို တကယ်ယုံလာပြန်တော့ တရားစွမ်းအားကို နှစ်ဖက်စလုံးမြင်အောင်
ကြည့်တတ်ပြန်တော့လည်းပဲ တစ်ဘဝအတွင်းမှာတောင်မှ ချက်ချင်း ပြောင်းပြီးတော့ သွားလိုက်တာ
စောစောက တဗျစ်တောက်တောက် ရန်ဖြစ်နေကြတဲ့ ကိုပိန်တို့ မလိန်တို့ ဘုရားဒကာ၊ ဘုရားအစ်မ၊
ကျောင်းဒကာ၊ ကျောင်းအစ်မ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ဘူး၊ ပြောရင်လည်း ယုံတမ်းလို့ပဲ
ပြောကြမှာပဲ။ ယခုတော့ တရားစွမ်းအားကြောင့် သိတာကို သိတဲ့အတိုင်း လက်တွေ့လုပ်လိုက်ကြတော့
နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတွေကြောင့် ဒါနလည်း မလစ်ဟင်းရ၊ သီလလည်း မလစ်ဟင်းရ၊
ဘာဝနာတရားဖက်မှာလည်း မေတ္တာအခြေခံလို့ ဘယ်ဟာမှ မလစ်ဟင်းရအောင် လုပ်သွားလိုက်ကြတာ
နိဗ္ဗာန်ကို ဦးတည်ပြီးတော့ အဲလို ပျော်ပျော်ကြီး လုပ်သွားလိုက်ကြတာ။ သူတို့ကြောင့် သာသနာလည်း
ကြီးပွား၊ သာသနာအတွက်လည်း မြင့်အောင် ဆောင်ရွက်နိုင်၊ ရပ်ရွာမှာလည်း သူတို့
ဆောင်ရွက်လိုက်ကြတာဟာ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့ ဆိုင်းဘုတ်တွေ လျှောက်ကြည့်၊ ဘုရား
အုတ်တံတိုင်း သွားကြည့်။
ဦးပိန်-ဒေါ်လိန်မိသားစု ကောင်းမှု။
လမ်းဘေးက ရေအိုးစင်လေးတွေ သပ်သပ်ရပ်ရပ် တည်ထားတာ သွားကြည့်။ အမိုးလေး
လုံလုံခြုံခြုံနဲ့ ရေကိုလည်း ဘယ်တော့မှ မလျော့ရဘူး။ သွားကြည့်တော့ ဆိုင်းဘုတ်တတ်ထားတာက -
ဦးပိန်-ဒေါ်လိန်မိသားစု ကောင်းမှု။
လမ်းဘေးက ဇရပ်ကလေး လူတွေ တည်းဖို့ဆောက်ထားတာတွေ သွားကြည့်ပြန်တော့
ဆိုင်းဘုတ်ကလေး ထိုးထားတာက -
ဦးပိန်-ဒေါ်လိန်မိသားစု ကောင်းမှု တဲ့။
နှစ်ဖက်မြင်ပညာ ရသွားတော့ ဘယ်သူကမှ တားလို့ မရဘူး။ စောစောကတော့ ဘယ်သူကမှ
စည်းရုံးလို့ မရဘူး။ အိုဗျာ ဘုရားရှိခိုးတာနဲ့ ပိုက်ဆံရှာတာ ဘာဆိုင်တာ မှတ်လို့၊ တရားနာတာနဲ့
ပိုက်ဆံရှာတာ ဘာဆိုင်တာ မှတ်လို့နဲ့ လုပ်လာခဲ့တာ။ အခုတော့လည်း ဘယ်သူမှ တားလို့ မရတော့ဘူးတဲ့။
အဲဒီလို ဆိုလို့ရှိရင် ဒကာ၊ ဒကာမအပေါင်း သူတော်ကောင်းတွေမှာလည်းပဲ နှစ်ဖက်မြင်ပညာ
ရထားတဲ့အတွက် ယခုလို ဒါနကောင်းမှုကြီးကို လုပ်လို့နေနိုင်ကြတယ်။ ဒါနလုပ်တော့လည်း
ဒါနရိုးရိုးမျှသာမက၊ သရဏဂုံတွေ၊ သီလတွေ၊ မေတ္တာတရား အခြေခံတဲ့ သမာဓိတွေ၊ ဝိပဿနာ
အသိပညာတွေအထိ မြင်ပြီးတော့မှ အဲလို လုပ်နိုင်ကြတော့ မိမိတို့မှာ နှစ်ဖက်မြင် စွမ်းအားရတော့
နှစ်ဖက်လှ နှစ်ဖက်ရတွေ ဖြစ်ပြီးတော့ ပျော်နေကြရတယ်ပေါ့။
အော် … အဲဒီလိုဆိုရင် ပုဂ္ဂိုလ်သုံးမျိုးမှာ ဒွိစက္ခုပုဂ္ဂိုလ်တွေ၊
ဘိက္ခဝေ၊ ပရိသတ်လေးပါး ချစ်သား၊ ချစ်သမီးတို့။
ဣမေ ပုဂ္ဂလာ ဤပုဂ္ဂိုလ်တို့သည်။ သန္တော သံဝိဇ္ဇမာနာ၊ မုချမသွေ ရှိနေကြပါပေကုန်သတည်း။
သာဓု … သာဓု …. သာဓု ….။
တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ သိရိန္ဒာ ဘိဝံသ ယော ဆရာတော်ကြီး
(နှစ်ဖက်မြင်သူ စွမ်းတဲ့လူ တရားတော်မှ)
Credit: မူရင်း
No comments:
Post a Comment